ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင် ပတ္တယားဒေသက ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲတွင် တရားမဝင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၅၀ ကျော် ဖမ်းဆီးခံရကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မတ်လ ၂၄ ရက်နေ့က ပတ္တယားဒေသရှိ ဆောက်လုပ်ရေးဆိုဒ်ကို ထိုင်းဌာနဆိုင်ရာများက ဝင်ရောက်စစ်ဆေးစဉ် အလုပ်လုပ်ခွင့်လက်မှတ်မရှိသူများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
လုပ်ငန်းခွင်ထဲတွင် ထိုင်းအလုပ်သမား ၃ ဦး၊ မြန်မာအလုပ်သမား ၅၂ ဦးနှင့် ကမ္ဘောဒီးယား အလုပ်သမား ၃ ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။
၎င်းတို့အနက် မြန်မာနိုင်ငံသား ၅၂ ဦးတွင် တရားဝင် အလုပ်လုပ်ခွင့် လက်မှတ်များ မရှိသဖြင့် ပတ္တယားရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး တရားမဝင် ဝင်ရောက်လုပ်ကိုင်မှုဖြင့် အရေးယူထားကြောင်း ဖော်ပြထားသည်။
ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးအပါအဝင် အခြားလုပ်ငန်းများတွင် ရွှေ့ပြောင်းအလုပ်သမားများကို လိုအပ်နေသော်လည်း ဥပဒေအရ အလုပ်လုပ်ကိုင်ရမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးက ပြောကြားထားသည်။
အကယ်၍ ရွှေ့ပြောင်းအလုပ်သမားများကို တရားမဝင် အလုပ်ခန့်ထားသည်ကို တွေ့ရှိပါက ဥပဒေအရ အရေးယူဖမ်းဆီးသွားမည်ဖြစ်ကြောင်း ဝန်ကြီး၏ ပြောကြားချက်ကို သတင်းတွင် ဖော်ပြသည်။