BREAKING
March 25, 2025

ရေဖြူတိုက်ပွဲတွင် စစ်ကောင်စီတပ်အထိနာပြီး လက်နက်များသိမ်းဆည်းရမိဟုထုတ်ပြန်

March 25, 2025

ရေဖြူမြို့နယ်၊ ညင်းထွေးရွာနှင့် ကျောက်ကညှာရွာအကြား ပြည်ထောင်စုကားလမ်းမပေါ်တွင် လမ်းကင်းယူနေသည့် စစ်ကောင်စီတပ်သားများကို မတ်လ ၂၄ ရက် နံနက်ပိုင်း၌ တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့၍ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်များထံမှသိရသည် ။

ရေဖြူအခြေစိုက် ခမရ ၄၀၆ နှင့် ၄၀၇ စစ်ကောင်စီ တပ်ရင်းများမှ စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ဗိုလ်မှူးအဆင့်တစ်ဦး အပါအဝင် နှစ်ဆယ်ကျော်သေဆုံးသည်ဟု သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဒူရကစစ်ကြောင်း ပြန်ကြားရေး တာဝန်ခံ ကပြောသည် ။

“လမ်းကင်းလာယူတဲ့ စစ်ကြောင်းတစ်ခုလုံး ပစ်ခံရပြီး သုံးယောက်လောက်ပဲ ပြန်ထပြေးသွားတာမြင်ရတယ်။ သူတို့ဘက်(စစ်ကောင်စီ)က စစ်ကူက ထားဝယ်ကရော ၊ ရေဖြူကရော ညှပ်ပြီးလာကူလို့ နှစ်နာရီလောက်ပစ်ခတ်မှုဖြစ်ပြီးတာနဲ့ အထိခိုက်မရှိဘဲ ဆုတ်လာခဲ့တယ်” ဟု ၎င်းကပြောဆိုသည် ။

စစ်ကောင်စီတပ်သားများထံမှ သေနတ် ၄ လက်နှင့် လက်နက်ကြီးတစ်လက် အပါအဝင် လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း ဒူရကစစ်ကြောင်းက ယနေ့ မတ်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည်။

ဒူရကစစ်ကြောင်း က ထုတ်ပြန်သည့် ရုပ်သံတွင် လဲကျသေဆုံးနေသည့် စစ်ကောင်စီတပ်သားများ ကို တွေ့ရပြီး သေဆုံးသည့် အရေအတွက်နှင့် ပတ်သက်၍ သီးခြားအတည်ပြုထားနိုင်ခြင်းမရှိသေးပေ ။

ပစ်ခတ်မှုဖြစ်နေစဥ် နှစ်နာရီဝန်းကျင်အတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ပြီး ဒရုန်းအကြီးများ ၊ လေယာဥ်များဖြင့် ကင်းထောက်ခြင်းများပြုလုပ်ခဲ့ကြောင်း ညင်းထွေးရွာသားများထံက သိရသည် ။

လက်နက်ကြီးကျည်ထိမှန်၍ ညင်းထွေးရွာမှ အမျိုးသားတစ်ဦး သေဆုံးပြီး နောက်ထပ် အသက် ၈၀ ကျော်အရွယ် သက်ကြီးပိုင်း အမျိုးသားတစ်ဦးလည်း လက်နက်ကြီးပစ်ခတ်သံများကြောင့် ထိတ်လန့်သေဆုံးခဲ့သေးသည်ဟု ညင်းထွေးရွာသားတစ်ဦးကပြောသည်။

ပစ်ခတ်မှု ဖြစ်ပြီးနောက် မတ်လ ၂၄ ရက် တေ့လယ်ပိုင်းတွင် စစ်ကောင်စီဘက်က စစ်ကူများရောက်ရှိလာပြီး ရေဖြူဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း ဒေသခံများ နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကဆိုသည်။

ယခုမတ်လအတွင်း ပြည်ထောင်စုကားလမ်းမ ရေဖြူ – ထားဝယ်အပိုင်း၌ စစ်ကောင်စီတပ်သားများ သုံးကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း တော်လှန်ရေးတပ်ဖွဲ့များ ၏ မှတ်တမ်းများအရ သိရသည် ။