မွန်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် မွန်ပြည်သစ်ပါတီမှ ဦးဆောင် ကျင်းပမည့် မွန်အမျိုးသားညီလာခံတစ်ရပ်ကို လာမည့် ဧပြီလ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ၄ ရက်တိုင်တိုင် ကျင်းပသွားမည်ဟု ညီလာခံကျင်းပရေးကော်မတီထံမှ သိရသည်။
ညီလာခံကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ စျေးကြိုရပ်ကွက်ရှိ ရာမညနိကာယ ဓာတုမာလာ မွန်ပရိယတ္တိကျောင်းတိုက်တွင် ကျင်းပသွားရန် စီစဉ်ထားသည်ဟုလည်း ညီလာခံကျင်းပရေးကော်မတီက ပြောသည်။
ညီလာခံတွင် ဖက်ဒရယ်ပြည်ထောင်စုအခြေခံမူနှင့် ယင်းနှင့် ကိုက်ညီသည့် မွန်ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေတို့ကို ဆွေးနွေးသွားရန်ရှိသည်။
“အဓိက ဖက်ဒရယ်အခြေခံမူနဲ့ ပြီးခဲ့တဲ့ ညီလာခံကနေ ရေးဆွဲထားတဲ့ မွန်ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ပြီးတော့ ဆွေးနွေးသုံးသပ်ကြမယ်။ ကျန်တာတွေကတော့ အမျိုးသားအရေးအတွက် ဆွေးနွေးကြဖို့ရှိမယ်” ဟု ညီလာခံကျင်းပရေး ကော်မတီဝင်တစ်ဦးက ပြောသည်။
ညီလာခံကို မွန်သံဃာတော်များ၊ မွန်ပြည်သစ်ပါတီမှ ကိုယ်စားလှယ်များ၊ မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်များ အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ၊ လေ့လာသူများ စုစုပေါင်း ၂၅၀ ကျော် တက်ရောက်ရန်ရှိဟုဆိုသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း မွန်ပြည်သစ်ပါတီက ဦးဆောင်ကျင်းပသည့် မွန်အမျိုးသား ညီလာခံတစ်ရပ်ကိုမွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ရေချောင်းဖျားဒေရှိ မွန်အမျိုးသားပညာရေးဗဟိုဌာန ညီစားစခန်းတွင် ၅ ရက်တိုင် ကျင်းပခဲ့သည်။
အဆိုပါ ညီလာခံမှ လက်ရှိ ပကတိအခြေအနေနှင့် ကိုက်ညီပြီး မွန်တိုင်းရင်းသားသဘောထား ဆန္ဒများအပြင် မွန်ပြည်နယ်အတွင်းရှိ အခြားသော တိုင်းရင်းသားများ လက်ခံနိုင်သည့် ရာမညမွန်ပြည် ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးသတ်ရေးဆွဲရန် ဆုံးဖြတ်ခဲ့ကြသည်။
မွန်ပြည်သစ်ပါတီမှ ဦးဆောင်ပြီး နောက်ဆုံးအကြိမ် မွန်အမျိုးသားညီလာခံကို ၂၀၁၆ ခုနှစ်က မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပေါလောကုန်း ကျေးရွာတွင် ကျင်းပခဲ့သည်။