ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဘန်စူးနယ်မြေတွင် ရေမြောင်းကြီးအတွင်းသန့်ရှင်းရေး ဆင်းလုပ်သော မြန်မာအလုပ်သမားနှစ်ဦး မနေ့ ညသန်းခေါင်အချိန်တွင် ဓါတ်လိုက်သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
မတ်လ ၂၄ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် မြန်မာအလုပ်သမားနှစ်ဦးက မြောင်းထဲ သန့်ရှင်းရေးလုပ်ရန် လှေကားဖြင့်ဆင်းစဉ် ဓါတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။
သေဆုံးသူများမှာ အသက် ၃၀ နှစ်အရွယ် ကိုမင်းလွင်ဝင်းနှင့် အသက် ၃၅ နှစ်အရွယ် ကိုလင်းနိုင်တို့ဖြစ်ကြပြီး မြေအောက်မြောင်းထဲတွင်ပင် သေဆုံးခဲ့ကြသည်။
မြန်မာအလုပ်သမားများ ဓါတ်လိုက်ပြီး မြောင်းထဲ ပြုတ်ကျသွားချိန် ကယ်ဆယ်ရေးအဖွဲ့များ အချိန်မီ ရောက်လာကြသော်လည်း မြောင်းထဲတွင် လျှပ်စစ်မီးကြိုးများ ပေါက်ပြဲမှု ရှိမရှိ ကနဦး စစ်ဆေးမှုများ ပြုလုပ်ရကြောင်း သတင်းတွင်ဖော်ပြထားသည်။
ယင်းကြောင့် မတော်တဆဖြစ်ပြီး ၂ နာရီအကြာတွင် မြန်မာအလုပ်သမားများအား ကယ်ဆယ်ရေးအဖွဲ့များက အပေါ်သို့သယ်ယူနိုင်ခဲ့သော်လည်း ဒဏ်ရာများဖြင့် သေဆုံးနေပြီဖြစ်ကြောင်း သတင်းတွင်ပါရှိသည်။
လက်ရှိတွင် အလောင်းများကို ရင်ခွဲစစ်ဆေးရန် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
လက်ရှိတွင် သေဆုံးသွားသော မြန်မာအလုပ်သမားများအတွက် နစ်နာကြေးများ ရရှိရန် AAC မဟာမိတ်အဖွဲ့က လိုက်ပါကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဒါရိုက်တာ ဦးခိုင်ကြီးက လူမှုစာမျက်နှာတွင် ဖော်ပြသည်။
ယခုမတ်လထဲတွင် မတော်တဆမှု နှစ်ကြိမ်ဖြစ်ခဲ့ပြီး ပြီးခဲ့သော မတ်လ ၁၅ ရက်က ဖလန်စောင်အဝေးပြေးလမ်း ပြိုကျမှုကြောင့် မြန်မာ ၃ ဦး သေဆုံးခဲ့ရသည်။
Ref: Thai PBS, T news, Bangkokbiznews