တနင်္သာရီမြို့နယ်၊ ချောင်းလမုကျေးရွာအတွင်းရှိ ဆီအုန်းစိုက်ခင်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဆီအုန်းကုမ္ပဏီလုပ်သားနှစ်ဦး သေဆုံးသွားကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။
မတ်လ ၂၄ ရက် ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် စစ်ကောင်စီလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ချောင်းလမုရွာကျေးရွာရှိ ကျော်မော်-၁၉ ဆီအုန်း ကုမ္ပဏီ၏ စိုက်ခင်း အတွင်းသို့ ပေါင် ၅၀၀ ဗုံး နှစ်လုံးကျရောက်ပေါက်ကွဲပြီး ဆီအုန်းကုမ္ပဏီဝင်း အတွင်းရှိ အလုပ်သမားများနေထိုင်ရာ အိမ်ရာကိုထိမှန်ခဲ့ကြောင်း ဒေသခံအချို့ထံကသိရသည်။
ယင်းဗုံးစထိမှန်၍ ဆီအုန်းကုမ္ပဏီလုပ်သား အသက် ၂၅ နှစ်နှင့် အသက် ၃၀ နှစ်အရွယ် အမျိုးသားနှစ်ဦး သေဆုံးသွားကြောင်း အမျိုးသားတစ်ဦးက ပြောသည်။
“ဆီအုန်းကုမ္ပဏီမှာတော့ ဆီအုန်းလုပ်သားတွေ ၅၀ လောက်ရှိတယ်။ ပြောင်းသူကလည်း ပြောင်းကုန်ပြီ။ ကျန်ခဲ့သူတွေထဲက ထိပြီး နှစ်ယောက်သေသွားကြတယ်။ ခြံထဲမှာရှိတဲ့ လုပ်သားအိမ်ရာတွေလည်း ပျက်စီးကုန်တယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ဒဏ်ရာရသူ ၆ ဦးထက်မနည်းရှိခဲ့ပြီး အတိအကျကို အတည်မပြုနိုင်သေးကြောင်း အဆိုပါ အမျိုးသားက ပြောသည်။
ဆီအုန်းကုမ္ပဏီဝင်းသည် တိုက်ပွဲဖြစ်ပွားနေသည့်ဒေသနှင့် မီတာ ၃၀၀၀ ကျော် ကွာဝေးပြီး လေယာဥ်ဖြင့် လာရောက်တိုက်ခိုက်ချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း အသက် ၃၅ နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။
“လောယာဥ်က နှစ်ချီ(ကြိမ်) လာကြဲတယ်။ ပထမအချီက ၃ နာရီကျော်မှာ တစ်ချီလာချ(ဗုံးကြဲ)တယ်”ဟု ၎င်းက ပြောသည်။
ပထမအကြိမ်လာကြဲချိန်က လူသူထိခိုက်မှုမရှိဘဲ ဒုတိယအကြိမ် လာကြဲချိန်တွင် ထိခိုက်သေဆုံးမှုရှိကြောင်း အထက်ပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သည့် တနင်္သာရီ-မောတောင်လမ်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်က သိန်ခွန်းရွာဝန်းကျင်ကို စစ်ကြောင်းထိုးနေသည်မှာ ၃ လကျော်လာပြီဖြစ်ကာ တိုက်ပွဲများ တောက်လျှောက် ပြင်းထန်နေသည်။
စစ်ကောင်စီတပ်က သိန်ခွန်းရွာအနီးဝန်းကျင်ရှိ လူနေကျေးရွာများအတွင်းသို့ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ ခပ်စိပ်စိပ်လုပ်ဆောင်နေသဖြင့် အရပ်သားထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။
မတ်လ ၂၁ ရက်နေ့ကလည်း စစ်ရှောင်နေရာက ချောင်းလမုရွာအတွင်းရှိနေအိမ်တွင် စားနပ်ရိက္ခာပြန်သွားယူသည့် အရပ်သား ၃ ဦး စစ်ကောင်စီတပ်ကပစ်လိုက်သည့် လက်နက်ကြီးထိမှန်ကာ သေဆုံးသွားခဲ့သည်။