BREAKING
March 29, 2025

VOA၊ RFA အရပ်ခံရခြင်း မြန်မာလူထု အပေါ် ရိုက်ချက်

March 25, 2025

(၁) VOA, RFA အသံလွှင့်ဌာနတွေ တကယ်ရပ်လိုက်ပြီလား။

VOA- မြန်မာပိုင်းနဲ့ RFA -မြန်မာပိုင်းအစီစဉ်တွေအပါဝင် USAGM အောက်မှာရှိတဲ့ အသံလွှင့်ဌာနတွေကို အဆုံးစွန်အထိ လျှော့ချပြီး ဝန်ထမ်းတွေကို အနည်းဆုံးထားဖို့၊ ဥပဒေအရ လိုအပ်ချက်အဖြစ် ပြဌာန်းမထားတဲ့ လုပ်ငန်းတွေကို ဖျက်သိမ်းဖို့ဆိုပြီး သမ္မတထရမ့်က မတ်လ ၁၄ ရက်နေ့မှာ အမိန့်ထုတ်ပြီးတဲ့နောက် အပေါ်က ခေါင်းစဉ်ပါ ဆွေးနွေးချက်တွေက မြန်မာပရိသတ်အကြားရောက်လာတာပါ။

VOA-မြန်မာပိုင်းဆိုရင် မတ်လ ၁၄ ရက် ညပိုင်းကတည်းက အသံမလွှင့်နိုင်တော့တာ အခုထိပါပဲ။ RFA-မြန်မာပိုင်းက ဆက်လွှင့်နေဆဲဖြစ်ပေမယ့် နောက်ထပ် သီတင်းတပတ်အကြာ မတ်လ ၂၀ မှာ (သတင်းတွကို ပေ့ချ်မှာ တင်နေဆဲဖြစ်ပမယ့်) အသံလွှင့်တာကို ရပ်နားလိုက်ပြီလို့ နားလည်ပါတယ်။

ဆိုတော့ မနက် ၆ နာရီမှာ VOA ကို စောင့်ပြီးနားထောင်လာသူတွေ၊ ည ၉ နာရီမှာ စောင့်ပြီးနားထောင်သူတွေအတွက် မတ်လ ၁၄ ကစပြီး တခုခုလိုနေသလို ဖြစ်နေပါတော့တယ်။

၁၉၇၀ ကတည်းကနေ အခု ၂၀၂၅ မတ်လ ၁၄ ရက်အထိ ၅၅ နှစ်တာ VOA ကိုနေ့စဉ်နားထောင်လာတဲ့ ရှေ့နေဦးကြီးမြင့်ကဆိုရင် မနက် ၆ နာရီမှာ ရေဒီယို ထဖွင့်နေမိဆဲလို့ စာရေးသူကို ပြောပါတယ်။

စာရေးသူကတော့ ရေဒီယိုလိုင်းမရတဲ့ (လိုင်းတို ရေဒီယိုတွေက သတ်မှတ်နေရာ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေလောက်မှာပဲ နားထောင်လို့ရပါတယ်) ဥရောပမဲဇာမှာနေတာဆိုတော့ အင်တာနက်ကနေ ည ၉ နာရီသတင်းကို ညနေစာ မစားခင် ပုံမှန်နီးပါး နားထောင်ဖြစ်ပါတယ်။

အခုတော့ ဦးကြီးမြင့်က မနက် ၆ နာရီမှာ တခုခုလိုနေသလိုမျိုး စာရေးသူကလည်း ညနေ ၉ နာရီမှာ တခုခုလိုနေသလိုမျိုး…။ VOA ပေချ်ကို သွားနှိပ်ပြီးမှ …သြော်- အသံမလွှင့်တာ ၁၄ ရက်နေ့ည ကတည်းပါလားဆိုတဲ့ ကြေညာချက်ကို ကြည့်ပြီး ပြန်-ပြန် ထိုင်နေရပေါ့။

(၂) မြန်မာပရိသတ်အများစုက သတင်းကို ဘယ်ကနေ ရယူနေကြတာလဲ။

VOA, RFA အသံလွှင့်ဌာနတွေ ရပ်နားခံရခြင်းခံရတော့မယ်၊ VOA ကဆိုရင် ၁၄ ရက်နေ့ညကတည်းက အသံမလွှင့်နိုင်တော့ဘူး…ဆိုတဲ့ သတင်းတွေကြားကတည်းက ကမ္ဘာတလွှားရှိ မြန်မာပရိသတ်တွေကြားမှာ ထင်မြင်ချက်မျိုးစုံ၊ ဝေဖန်ချက် မျိုးစုံ ထွက်လာနေတာတွေ့ရပါတယ်။

အဲဒီထဲက ထူးခြားတယ်လို့ထင်ရတဲ့ အချက် ၂ ခုကို ကောက်နုတ်တင်ပြပါ့မယ်။

ပထမ တခုက “VOA, RFA အသံလွှင့်ဌာနတွေ ရပ်နားခံလိုက်ရလို့ သတင်းနားထောင်လို့မရတော့ဘူး။ သတင်းရရှိမှု အတော်ခက်ခဲသွားတယ်။ ပုံမှန်နားထောင်နေကြ သတင်းဝေဖန်ချက်- သုံးသပ်ချက်တွေမရတော့လို့ အခက်တွေ့နေရတယ်” ဆိုတာက ပထမ အချက်၊ ပထမ အမျိုးအစား ပရိသတ်ဆိုပါတော့။

ဒုတိယ အမျိုးအစား- ဒုတိယ ပရိသတ်ကတော့ “အခုက ရေဒီယို ခေတ် မဟုတ်တော့ဘူး။ VOA, RFA နားမထောင်တာ ကြာလှပေါ့။ မနက် ၆ နာရီ- ည ၉ နာရီအထိ ရေဒီယို နားထောင်ဖို့ ထိုင်စောင့်နေစရာမလိုတော့ဘူး။ အွန်းလိုင်းပေါ်မှာ သတင်းတွေက ချက်ခြင်း ဖတ်လို့ရနေတာပဲ။ VOA, RFA မရှိလည်း ဘာမှမဖြစ်ဘူး” လို့ ပြောနေသူတွေလည်း အများကြီးပါပဲ။

သေချာတာကတော့ ဒုတိယ အမျိုးအစား ပရိသတ်အများစုဟာ ပြည်ပမှာနေထိုင်သူ၊ ဒါမှမဟုတ် အင်တာနက်ကို လွယ်ကူစွာသုံးစွဲခွင့်ရနေသူတွေဖြစ်ပါတယ်။ သူတို့ပြောတာလည်း အချက်အလက်အရ မမှားပါဘူး။

ခေတ်က ပြောင်းသွားပြီဆိုတော့ သတင်းတွေသိရဖို့အရေး ၁၉၉၀ ဝန်းကျင်၊ ရေဒီယိုခေတ်ကလို ည ၆ နာရီအထိ ထိုင်စောင့်နေစရာမလိုပါ။ Facebook, YouTube အပါဝင်ဆိုရှယ်မီဒီယာမှာ စကန့်နဲ့မလပ် သတင်းတွေ အလျှံအပယ် တက်နေတယ် မဟုတ်ပါလား/

ဆိုတော့ အင်တာနက်ကနေ သတင်းရနေတဲ့ ပရိသတ်နဲ့ ရေဒီယိုကနေ သတင်းရနေတဲ့ ပရိသတ် ဘယ်ဟာက ပိုများသလဲ။ မြန်မာနိုင်ငံမှာ အင်တာနက်မရတဲ့နေရာ ဘယ်လောက်များများ ကျန်နေသေးသလဲ။

(၃) အင်တာနက်မရတဲ့နေရာတွေမှာ သတင်းကို ဘယ်လိုရယူနေကြသလဲ။

၂၁ ရာစုခေတ်မှာ အင်တာနက်မရတဲ့နေရာ ရှိနေဆဲလား… ဆိုပြီး မေးချင်စရာပါ။ အခြားနိုင်ငံတွေမှာတော့ မသိဘူး။ မြန်မာနိုင်ငံမှာတော့ အင်တာနက် မရတဲ့နေရာ တကယ်ရှိနေဆဲဖြစ်ပါတယ်။

ဘယ်နေရာတွေလည်းဆိုတော့ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေပေါ့…။ ဥပမာ ရခိုင်မှာဆိုရင် AA -အာရက္ခတပ်တော်က သိမ်းပိုက်ထားတဲ့ နေရာအားလုံးနီးပါးမှာ အင်တာနက်၊ ဖုန်းလိုင်း မရပါဘူး။ ၂၀ ရာစု နှောင်ပိုင်းကလို စာအုပ်အငှားဆိုင်တွေ၊ ဗီဒီယို CD အငှားဆိုင်တွေတောင် အတော်ခေတ်စားနေတယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖေါ်ပြနေတာ ဖတ်ရပါတယ်။

စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် ၃ မြို့မှအပ ကျန် မြို့အားလုံးကို AA သိမ်းထားတယ်ဆိုတော့ ဒီဒေသဟာ အကြီးမားဆုံး- အကျယ်အပြန်ဆုံး အင်တာနက် ဖြတ်တောက်ခံထားရတဲ့ ဒေသဖြစ်နိုင်ပါတယ်။

ပြီးရင် အညာဒေသမှာလည်း နေရာအတော်များများမှာ အင်တာနက်၊ ဖုန်းလိုင်းမရပါဘူး။ ချင်း၊ ကချင်၊ ရှမ်း-မြောက်၊ ကရင်နီ၊ ကရင်၊ မွန်၊ တနင်္သာရီ စတဲ့ဒေသတွေမှာလည်း အင်တာနက် ဖုန်းလိုင်းမရတဲ့နေရာတွေ အများကြီးရှိနေဆဲ ဖြစ်ပါတယ်။

အင်တာနက်လိုင်းမရရင် Starlink ထောင်ပြီးလုပ်ပါလားလို့တော့ မပြောနဲ့လေ၊ ပေါင်မုန့်မရှိရင် ကိတ်မုန့်စားပါလား ဆိုပြီး ပြောသလိုမျိုး ဖြစ်နေနိုင်ပါတယ်။ မြေပြင် ပရိသတ်အခြေအနေက ပြည်ပက ပရိသတ်တွေနဲ့မတူပါဘူး။

တနသာီရီတိုင်းအခြေစိုက် Dawei Watch ကဆိုရင် တနသာရီဂျာနယ်ကို နှစ်ပတ်တကြိမ်ပြန်ထုတ်ပြီး အင်တာနက်လိုင်းမရတဲ့ဒေသတွေမှာ ဒေသခံတွေကို အခမဲ့ သတင်းမျှဝေတဲ့အစီအစဉ်လုပ်နေတာ ၆ လလောက်ရှိနေပြီလို့ သိရပါတယ်။

ဆိုတော့ အင်တာနက်မရ၊ ဖုန်းလိုင်းမရတဲ့ဒေသတွေက လူထုအတွက်ကတော့ ရေဒီယိုသတင်းတွေက လိုအပ်နေဆဲဖြစ်ပါတယ်။ လူဦးရေ ဘယ်လောက်ရှိမလဲဆိုတာကို မှန်းဖို့ခက်ပေမယ့် ပရိတ်သတ်ဦးရေရဲ့ ၂၅% လောက်က ရေဒီယိုကို စောင့်မျှော်နေဆဲလို့ မှန်းဆရပါတယ်။

(၄) ဆိုရှယ်မီဒီယာ သီးခြား အခြေပြု သတင်းဌာနတွေက ဘယ်လောက်ခိုင်မာမှုရှိသလဲ… VOA, RFA မရှိလည်းဖြစ်တယ်ဆိုတာ တကယ်သေချာပြီလား။

ဒီမေးခွန်းကတော့ သတင်းသမားတွေအတွက်ရော၊ သတင်းရယူနေသူတွေအတွက်ပါ တကယ့် အရေးကြီးတဲ့ မေးခွန်းပါပဲ။ လူတိုင်း အချိန်ယူစဉ်းစားပြီး ကိုယ်တိုင် ဝင်ဖြေသင့်တဲ့ မေးခွန်းတခုလည်းဖြစ်ပါတယ်။

စာရေးသူရဲ့ အတွေအကြုံပေါ် အခြေခံပြီး ဖြေရမယ်ဆိုရင် ဆိုရှယ်မီဒီယာ သက်သက်အခြေပြု သတင်းဌာနတွေဟာ ဘယ်လိုမှ အခြေမခိုင်နိုင်ပါ။ ဘာကြောင့်လဲ။

ပထမ တချက်က သတင်းတွေကို တိကျခိုင်မာဖို့ထက် မြန်တာကိုဦးစားပေးရတဲ့အတွက် မှန်မမှန်က နောက်မှ၊ Facebook, YouTube ပေါ်သူများထက် ဦးပြီး အရင်တက်သွားဖို့က ပထမ – ဒီလို သဘောထားရှိကြတာတွေ့ရပါတယ်။

ဒုတိယ အချက်က ဆိုရှယ်မီဒီယာတွေကို အခြေခံရပ်တည်တဲ့ သတင်းဌာနတွေဟာ FB, YT တို့ကနေ Monetization – (ကြော်ငြာရငွေ ခွဲတမ်းလို့ ပြန်သင့်သလား) ရတယ်ဆိုတာကလည်း ထုတ်လုပ်တဲ့ သတင်း ဘယ်လောက်မှန်ကန်မှုရှိသလဲ၊ ပရိသတ်ကို ဗဟုသုတ ဘယ်လောက်ကျယ်ပြန့်စေသလဲ…

စတဲ့ သတင်းတန်ဖိုးတွေ၊ ‘ဘ’ခြောက်လုံးပါ မပါတွေ၊ ဘက်လိုက်မှုရှိ မရှိတွေ၊ အများပြည်သူကို အကျိုးရှိစေ မရှိစေဆိုတာတွေ၊ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ဆိုတာတွေကို ထည့်သွင်းစဉ်းစားတာမဟုတ်ဘူး။

ဒီသတင်းစာသား- ဒီသတင်း ရုပ်ပုံ- ဗီဒီယိုကို ဝင်ကြည့်သူဦးရေ ဘယ်လောက်ရှိသလဲ… ဒီဟာ တခုတည်းကိုပဲ မူတည်စဉ်းစားတာ။ တနည်းအားဖြင့် ဆိုရှယ်မီဒီယာဆိုတာ အရည်အချင်းကို ထည့်တွက်တာမဟုတ်ဘူး- အရေအတွက်ကိုသာ ဦးစားပေးတဲ့နေရာဖြစ်ပါတယ်။

အဲဒီတော့ သတင်းတပုဒ်တင်တော့မယ်ဆိုရင် သတင်းခိုင်မာဖို့၊ ဘက်လိုက်မှုမရှိဖို့ ဆိုတာ မစဉ်းစားအားဘူး။ မြန်မြန်တင်ဖို့- ပရိသတ်များများကြည့်ဖို့က အဓိကဖြစ်နေပါတယ်။

ပြီးရင် ကြောငြာခ ရဖို့အတွက်… ဘန်း မခံထိအောင်- ကြော်ငြာမူနဲ့ မငြိအောင် လက်နက်ပုံတွေကိုဖြုတ်၊ အလောင်းပုံတွေ ချန်ထား၊ သေနတ် မီးပွင့်တဲ့ပုံ၊ သွေးထွက်နေတဲ့ပုံ… အကုန်ဖြုတ်ရတယ်ဆိုတော့ သတင်းက ဘယ်အားကောင်းတော့မလဲ။

ရှေ့တန်းက တိုက်ပွဲဝင်ရဲဘော်တွေက သူတို့ တိုက်ပွဲဝင်နေတာ၊ စစ်တပ်ဖက်က ဘယ်လိုသေနေတယ်ဆိုတာကို ပြချင်လို့ သက်စွန့်ဆံဖျား ရိုက်လာပေးတဲ့ ဗီဒီယိုတွေကို အယ်ဒီတာလုပ်သူက (ကြော်ငြာငွေ မရမှာစိုးလို့) အကောင်းဆုံးအကွက်တွေကို ချန်ထားပြီး သိပ်မထူးခြားတဲ့ ဝေေ၀ဝါးဝါး ပုံတွေကို ရွေးပြီးတင်နေရမျိုး။

ပုံတင်လားဆိုတော့ မဟုတ်သေး။ စာသားတွေကလည်း ပြသာနာရှိတယ်လို့ ဆိုပြန်ပါတယ်။ တိုက်ပွဲဖြစ်တာ- သေတာ- ဗုံးကြဲတာ- မိုင်းခွဲတာ- မီးလောင်တာ စတဲ့ စကားလုံးတွေကို ဆိုရှယ်မီဒီယာက သိပ်မကြိုက်ပြန်ဘူး…

ဒါပေမယ့် ပြဿနာက မြန်မာပြည်မှာ ပြည်တွင်းစစ်ဖြစ်နေတယ်၊ နေ့စဉ်သတင်းက တိုက်ပွဲသတင်းဖြစ်တယ်။ တိုက်ပွဲသတင်းကို တိုက်ပွဲလို့မဖြစ်ပြောပဲ နှစ်ဖက်တပ်တွေ ထိတွေ့မှုဖြစ်တယ်လို့ ပြောရမလား။ သေတာကို အသက်ဆုံးရှုံးတယ်လို့ ပြောရမလား။ အရပ်သားသေတာကို အသက်ဆုံးရှုံးတယ်ပြောရင် ပြဿနာမရှိပေမယ့် စစ်သားသေတာကို အသက်ဆုံးရှုံးတယ်လို့ပြောရင် လိုရင်း ဘယ်ရောက်တော့မလဲ။

ဒါက လက်ရှိ ဆိုရှယ်မီဒီယာက ဝင်တဲ့ ဝင်ငွေကို အခြေပြုလည်ပတ်နေရတဲ့ သတင်းဌာနတိုင်း ရင်ဆိုင်နေရတဲ့ ကြီးမားလှသော ဒုက္ခသစ္စာပါ။

ပြီးတော့ အဲဒီ ဆိုရှယ်မီဒီယာမှာ ပေါ်နေတဲ့ ပရိသတ် အရေအတွက်တွေကလည်း အမှန်လို့ ပြောလို့မရပြန်ဘူး။ သူတို့ဖက်က ပိတ်မထားဘဲ လွတ်ပေးထားရင်တော့ အဲဒီပရိသတ်ဦးရေဟာ အမှန်ပါပဲ။ ဒါပေမယ့် ခလုတ်က သူတို့လက်ထဲမှာဆိုတော့။

ခင်ဗျားတင်တဲ့ သတင်းကို ပရိသတ်များများ ကြည့်စေချင်သလား။ နည်းနည်းပဲကြည့်စေချင်သလား။ အဲဒါကို သတင်းထုတ်လုပ်သူနဲ့ သတင်းကြည့်ရှုသူက ဆုံးဖြတ်လို့မရဘူး။ ခလုတ်ကိုင်ထားသူက ဆုံးဖြတ်နေတယ်ဆိုတာကို ဒီလုပ်ငန်းနဲ့ နီးစပ်သူတိုင်း သိနိုင်ပါတယ်။

(၅) VOA, RFA သတင်းဌာနတွေကို လုံး၀ မရပ်သင့်ပါ

အဲတော့… အနှစ်ပြန်ချုပ်ရရင် ဆိုရှယ်မီဒီယာကို အခြေခံတဲ့ သတင်းဌာနတွေဟာ ဘာမှ ခိုင်မာမှုမရှိဘူး။ ဆိုရှယ်မီဒီယာ ပိုင်ရှင်တွေက စိတ်ကောက်ပြီး ခလုတ်တချက်နှိပ်လိုက်တာနဲ့ အကုန်လုံး ဘာမှ လုပ်မရပဲ အချိန်မရွေး ဈာန်လျောနိုင်တဲ့ အနြေအထားမှာ ရှိနေပါတယ်။

နောက်တချက်က အဲဒီ ဆိုရှယ်မီဒီယာအခြေခံ သတင်းဌာနတွေဟာ VOA, RFA သတင်းဌာနတွေလို သြဇာ မရှိပါ။

သတင်းဘက်မျှအောင်ဆိုပြီး စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းကို သွားမေးကြည့်ပါလား… ဟိုဖက်က ဘယ်ဖြေပါ့မလဲ…။ စစ်ကောင်စီကို ဘယ်သူမှ မကြိုက်တာ လူတိုင်းသိနေပေမယ့် သတင်းသဘောမှာတော့ သူ့တို့ဖက်ကို မေးဖို့လိုနေပြန်တယ် မဟုတ်ပါလား။

အဲဒီတော့ နိဂုံးချုပ်ရမယ်ဆိုရင် . . . ၊

၁။ VOA နဲ့ RFA အသံလွှင့်ဌာနတွေကို လုံး၀ မရပ်သင့်ပါ။ အထူးသဖြင့် အခုလို ပြည်တွင်းစစ်ဖြစ်နေချိန်၊ စစ်ကောင်စီက အင်တာနက်လိုင်းဖြတ်- ဖုန်းလိုင်းတွေဖြတ်ထားချိန်မှာ လုံး၀ မရပ်သင့်ပါ။

၂။ ရေဒီယိုအပြင် အင်တာနက် သတင်းလောကမှာလည်း ဆိုရှယ်မီဒီယာ သက်သက် အခြေခံသတင်းဌာနတွေဟာ VOA နဲ့ RFA လို ဘဏ္ဍာငွေ မတောင့်၊ ကျောထောက်နောက်ခံမတောင့်တဲ့အတွက် သူတို့ချည်း လွတ်ပေးထားလို့မရပါ။ VOA နဲ့ RFA က ဆိုရှယ်မီဒီယာအခြေခံ သတင်းဌာနတွေထက် ပိုကောင်းတဲ့ သတင်းတွေ၊ သတင်းဆောင်းပါးတွေ၊ စကားဝိုင်းတွေ ဆက်ထုတ်လွှင့်ဖို့ လိုအပ်နေပါတယ်။

၃။ ပရိုဖက်ရှင်နယ် သတင်းသမားတွေ သတင်းလုပ်တဲ့အခါမှာ ကြော်ငြာငွေ ရပါ့မလား၊ ပရိသတ်အကြည့်များပါ့မလား၊ ဒီပုံတွေက ထည့်လို့ရပါ့မလား၊ ဒီစာသားက သုံးလို့ရပါ့မလား… စတဲ့ ကိစ္စတွေကို စဉ်းစားစရာမလိုဘဲ သတင်းသမားတွေ သတင်းအလုပ်ကို လွတ်လပ်စွာလုပ်ကိုင်နိုင်ရေးအတွက် ဒီမိုကရေစီနဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို ယုံကြည်တဲ့ အမေရိကန်အပါဝင် အနောက်နိုင်ငံတွေက မြန်မာ မီဒီယာအဖွဲ့တွေကို ကူညီပေးသင့်ပါတယ်။

၄- တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေတဲ့အနေအထား၊ ပရိသတ်ရဲ့ တောင်းဆိုချက်၊ ဆိုရှယ်မီယာအခြေခံ သတင်းဌာနတွေရဲ့ ပြိုင်ဆိုင်မှုအားကိုကြည့်ပြီး VOA၊ RFA သတင်းအစီအစဉ်တွေကို ခေတ်နဲ့အညီဖြစ်အောင် ပြုပြင်ပြောင်းလဲမှုအချို့လုပ်သင့်ပါတယ်။ အဲဒီလိုလုပ်ပြီးတာနဲ့ VOA နဲ့ RFA အသံလွှင့်မှုတွေကို ချက်ခြင်း ပြန်ထုတ်လွှင့်ခွင့်ပေးသင့်ပါကြောင်း အမေရိကန်အခွန်ထမ်းပြည်သူတွေနဲ့ သမ္မတထရမ့် အစိုးရ တာဝန်ရှိသူတွေက လေးနက်စွာ တင်ပြလိုက်ရပါတယ်။

ထက်အောင်ကျော်