BREAKING
March 28, 2025

စစ်ပွဲကြောင့် ဂါဇာတွင် သေဆုံးသူ ငါးသောင်းကျော် ရှိလာ

March 25, 2025

ဟားမတ်စ်နှင့် အပစ်ရပ်သဘောတူညီချက်ကို ပြီးခဲ့သည့်အပတ်တွင် အစ္စရေးဘက်က ချိုးဖောက်ကာ တိုက်ခိုက်မှု ပြန်လည်စတင်လိုက်ပြီးနောက် စစ်ပွဲကြောင့် ဂါဇာတွင် သေဆုံးသူ ငါးသောင်းကျော် ရှိလာပြီ ဖြစ်ကြောင်း ပါလက်စတိုင်းအရာရှိများက ထုတ်ဖော်ပြောဆိုလိုက်သည်။

ကျန်ရှိနေသေးသည့် အစ္စရေးဓားစာခံများကို ဟားမတ်စ်ဘက်က ပြန်မလွှတ်ပေးလျှင် ဂါဇာကို အလုံးစုံပျက်စီးအောင် တိုက်ခိုက်မည်ဟု အစ္စရေးဘက်က ခြိမ်းခြောက်ထားသည်။ အစ္စရေးက ဂါဇာရှိ နေရာတော်တော်များကို စစ်ရေးပစ်မှတ်ဟု ဆိုကာ တိုက်ခိုက်မှု ပြုလုပ်လျက်ရှိပြီး ဂါဇာမြောက်ပိုင်းသို့ မြေပြင်ကျူးကျော်ထိုးစစ်လည်း ပြုလုပ်လျက် ရှိသည်။

ဂါဇာတောင်ပိုင်းရှိ ရာဖာမြို့ပတ်ဝန်းကျင်ဧရိယာထဲကိုလည်း အစ္စရေးတင့်ကားများ ဝင်ရောက်လာခဲ့သည်ဟု ဒေသခံများက ဆိုသည်။

အစ္စရေး-ဟားမတ်စ်စစ်ပွဲအတွင်း ပါလက်စတိုင်းဦးရေ စုစုပေါင်း ၅၀,၀၂၁ ဦး သေဆုံးခဲ့ပြီး ၁၁၃,၀၀၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဟားမတ်စ်အဖွဲ့ ဦးဆောင်သည့် ဂါဇာကျန်းမာရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့်အပတ် အင်္ဂါနေ့တွင် အစ္စရေးက အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်ကာ ဂါဇာကို လျှပ်တပြက်လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့မှုကြောင့် ပါလက်စတိုင်းဦးရေ ၆၇၃ ဦး သေဆုံးခဲ့ရသည်။ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်လိုက်သည့် သေဆုံးထိခိုက်မှုစာရင်းတွင် ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများအပါအဝင် နောက်ဆုံးတွေ့ရှိထားသည့် သေဆုံးသူ ၂၃၃ ဦးလည်း ပါဝင်သည်။

ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ၎င်းတို့၏ မှတ်တမ်းတွင် အရပ်သားနှင့် တိုက်ခိုက်ရေးသမား ခွဲခြားဖော်ပြခြင်း မရှိသော်လည်း သေဆုံးသူတစ်ဝက်ကျော်မှာ အမျိုးသမီးနှင့် ကလေးသူငယ်များ ဖြစ်သည်ဟု ဆိုသည်။

ဟားမတ်စ်တိုက်ခိုက်ရေးသမား ၂၀၀၀၀ ဝန်းကျင်ကို သတ်ဖြတ်နိုင်ခဲ့ပြီးပြီဟု အစ္စရေးဘက်က ဆိုသော်လည်း မည်သည့်အထောက်အထားမျှ ထုတ်ဖော်ပြသခြင်း မရှိပေ။

ပါလက်စတိုင်းများ ဂါဇာမှ ထွက်ခွာသွားရန် တာဝန်ယူလုပ်ဆောင်မည့် အစိုးရဌာနသစ်တစ်ခုကို ဖွဲ့စည်းရန် အစ္စရေးအစိုးရက စနေ့နေ့တွင် အတည်ပြုလိုက်သည်။

ယင်းအစီအစဉ်မှာ ဂါဇာမှ ပါလက်စတိုင်းများကို အခြားနိုင်ငံများသို့ ရွှေ့ပြောင်းပြီး ဂါဇာကို ပြန်လည်ထူထောင်မည့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အဆိုပြုချက်နှင့် ကိုက်ညီသည့် အစီအစဉ်ဖြစ်သည်။ အစ္စရေးဥပဒေနှင့် နိုင်ငံတကာဥပဒေအတိုင်း အဆိုပါ အစိုးရဌာနသစ်က အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

ယင်းအစီအစဉ်မှာ အတင်းအကျပ်နေရပ်စွန့်ခွာစေမှုဖြစ်ပြီး နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။ ပါလက်စတိုင်းပြည်သူများကလည်း ၎င်းတို့၏ မိခင်နယ်မြေဖြစ်သည့် ဂါဇာမှ မစွန့်ခွာလိုကြောင်း ဆိုသည်။

ယခုနှစ် ဇန်နဝါရီလတွင် အသက်ဝင်လာခဲ့သည့် အစ္စရေး-ဟားမတ်စ်အကြား အပစ်ရပ်သဘောတူညီချက်သည် အစ္စရေး-ဟားမတ်စ်အကြား ပြင်းထန်သည့် ၁၅ လကြာ စစ်ပွဲကို ရပ်ဆိုင်းစေနိုင်ခဲ့သည်။ ဖေဖော်ဝါရီလတွင် အပစ်ရပ်သဘောတူညီချက်၏ နောက်တစ်ဆင့်ကို ဆွေးနွေးရန် အစ္စရေးနှင့် ဟားမတ်စ်အကြား သဘောတူထားခဲ့သည်။

ဟားမတ်စ်က ပါလက်စတိုင်းအကျဉ်းသားများနှင့် လဲလှယ်ရန် နောက်ဆုံးကျန်ရှိသည့် ဓားစာခံ ၅၉ ဦးကို ပြန်လွှတ်ပေးရမည် ဖြစ်ပြီး အစ္စရေးတပ်များကလည်း ဂါဇာမှ ထွက်ခွာသွားရမည်ဟု ကနဦးသဘောတူညီမှု ရထားသည်။

သို့သော်လည်း ဓားစာခံများကို ဟားမတ်စ်ဘက်က အရင်လွှတ်ပေးရန် အစ္စရေးနှင့် အမေရိကန်ဘက်က အဆိုပြုချက်ကို ဟားမတ်စ်ဘက်က လိုက်လျောရန် ငြင်းဆန်ခဲ့ပြီးနောက် ဖေဖော်ဝါရီလတွင် အပစ်ရပ်ဆွေးနွေးပွဲနောက်တစ်ဆင့် ပျက်ပြယ်သွားခဲ့သည်။

ပြီးခဲ့သည့်အပတ် အင်္ဂါနေ့တွင် အစ္စရေးဘက်က အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်ကာ ဂါဇာကို ပြန်လည်တိုက်ခိုက်မှု စတင်ခဲ့သည်။

Source: CBS News⁩