မြန်မာနိုင်ငံအတွင်းရှိ တိုက်ပွဲများကြောင့် ဒုက္ခရောက်နေသော စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာမှုအကူအညီများကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မှတစ်ဆင့် မြဝတီမြို့သို့ ယနေ့ (မတ် ၂၅) တွင် စတင်လွှဲပြောင်းပေးအပ်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။။
မြန်မာဒုက္ခသည် နှစ်သောင်းခန့်စာအတွက် ကယ်ဆယ်ရေးပစ္စည်းများ၊ ဆန်၊ အစားအစာများနှင့် အခြားထောက်ပံ့ရေးပစ္စည်းများကို မဲဆောက်ရှိ ထိုင်းကြက်ခြေနီအဖွဲ့မှတစ်ဆင့် မြဝတီခရိုင်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌထံသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။





ယခုလူသားချင်းစာနာမှု အကူအညီပေးအပ်ခြင်းကို နှစ်နိုင်ငံ ကြက်ခြေနီအသင်းများကတစ်ဆင့် ဖြန့်ဝေသွားမည်ဖြစ်ပြီး အာဆီယံလူသားချင်းစာနာမှုညွှန်ကြားရေးစင်တာ (AHA Center) က ကြီးကြပ်သွားမည်ဖြစ်သည်။
ရိက္ခာအိတ်များ သယ်ဆောင်ထားသော ယာဉ်တန်းသည် ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ် ၂ တံတားကတစ်ဆင့် ကရင်ပြည်နယ်ရှိ စမ်းသပ်နေရာ သုံးနေရာသို့ ပို့ဆောင်သွားမည်ဖြစ်သည်။
ယင်းအတွက် ထိရောက်မှုနှင့် ပွင့်လင်းမြင်သာမှုရှိစေရန် AHA Center က နယ်မြေခံအဖွဲ့များနှင့် ပူးပေါင်း၍ စောင့်ကြည့်သွားမည်ဖြစ်ပြီး နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်း ပဋိပက္ခများကြောင့် ဒုက္ခရောက်နေသူများကို ခွဲခြားမှုမရှိစေဘဲ ဆက်လက်ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။