BREAKING
January 11, 2025

မြိတ်တွင် အုတ်တစ်ထောင် ကျပ်နှစ်သောင်းခန့် ဈေးတက်ပြီးနောက် ဈေးပြန်ကျ

March 25, 2022

မြိတ်တွင် အုတ်ချပ်တစ်ထောင်လျှင် ယမန်နှစ်ဈေးထက် ကျပ်နှစ်သောင်းခန့် ဈေးတက်ခဲ့ပြီး လက်ရှိတွင်မူ ကျပ်တစ်သောင်းခွဲခန့် ဈေးပြန်ကျသွားကြောင်း အုတ်လုပ်ငန်းရှင်များနှင့် အုတ်ဝယ်ယူအသုံးပြုသူအချို့ထံမှ သိရသည်။

မြိတ်မြို့တွင် ပြီးခဲ့သည့်နှစ်က အိမ်အရောက် အုတ်ချပ် တစ်ထောင်လျှင် ကျပ်ရှစ်သောင်း ဈေးရှိခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီလတွင် စက်သုံးဆီ ဈေးတက်ပြီးနောက် အုတ်ဈေးလည်း ကျပ်တစ်သိန်း ဈေးပေါက် ခဲ့ကြောင်း အုတ်လုပ်ငန်းရှင်များထံမှ သိရသည်။

“ကုန်ကျစရိတ်တွေက ဈေးတက်တယ်” ဟု မြိတ်မြို့က အုတ်လုပ်ငန်းရှင်တစ်ဦးက အုတ်ဈေးတက်ရသည့် အကြောင်းအရင်းကို ပြောဆိုသည်။

သို့သော် အိမ်ဆောက်ပစ္စည်းများဖြစ်သည့် ဘိလပ်မြေနှင့် သံချောင်းများ ဈေးနှစ်ဆ မြင့်တက်သဖြင့် အိမ်ဆောက်သူနည်းပါးလာပြီးနောက် အုတ်ဝယ်သူ နည်းလာကြောင်း အုတ်လုပ်ငန်းရှင်အချို့က ဆိုသည်။

ထို့ကြောင့် မြိတ်မြို့၌ မတ်လတွင် အုတ်တစ်ထောင်ဈေး ကျပ်ရှစ်သောင်းခွဲသာ ဈေးရတော့ကြောင်း မြိတ်မြို့က အုတ်လုပ်ငန်းရှင်အချို့ထံမှ သိရသည်။

ယခုနှစ် အုတ်ဈေးတက်သည်ဆိုသော်လည်း သိသိသာသာ မြင့်တက်ခြင်းမျိုးမဟုတ်ဘဲ ထုတ်လုပ်မှု ကုန်ကျစရိတ်သာ သိသိသာသာမြင့်တက်သွားသဖြင့် အုတ်လုပ်ငန်း တွက်ခြေမကိုက်ကြောင်း မြိတ်မြို့က အုပ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“ဒီနှစ်အိမ်ဆောက်သူနည်းတော့ အုတ်က ဈေးမကောင်းတဲ့အပြင် မိုးရွာလို့ ရှုံးတောင် ရှုံးနေသေးတယ်။ ကုန်ကျစရိတ်တွေက ဈေးတက်တယ်။ အုပ်ဈေး (သိသိသာသာ) မတက်ဘူး။ အရင်လိုလည်း ရောင်း မကောင်းဘူး။ ရောင်းအား ထက်ဝက်ကျော်ကျတယ်” ဟု ၎င်းက ဆိုသည်။

အုပ်ဈေး အလွန်မတက်သော်လည်း ဘိလပ်မြေ၊ သံချောင်း စသည့် အိမ်ဆောက်ပစ္စည်းများ ဈေးအလွန် မြင့်တက်နေသဖြင့် ယခုနှစ် အိမ်မဆောက်ဖြစ်တော့ကြောင်း မြိတ်ဒေသခံတစ်ဦးက ပြောသည်။

ယခင်နှစ်က ဘိလပ်မြေတစ်အိတ် ကျပ်ခုနှစ်ထောင်သာရှိပြီး လက်ရှိတွင် ကျပ်တစ်သောင်းခွဲဝန်းကျင် ရှိနေကြောင်း အိမ်ဆောက်သူများက ဆိုသည်။

မြိတ်ခရိုင် ပလမြို့နယ်ခွဲတွင်မူ ယခင်နှစ်က အုတ်ချပ်တစ်ထောင်လျှင် အိမ်အရောက် ကျပ်ခုနစ်သောင်းခွဲ ပေါက်ဈေးရှိပြီး ယခု ကျပ် တစ်သိန်းဈေးပေါက်နေသေးကြောင်း ပလဒေသခံ အုပ်လုပ်ငန်းရှင်က ပြောသည်။

သို့သော်လည်း တွက်ခြေမကိုက်ဟု ၎င်းက ဆိုသည်။

“ဘတ်ဖိုးခနဲ့ ထင်းကား စရိတ်က ကြီးတော့ ဒီနှစ်အုတ်ဖိုတွေ တော်တော်များများ နားလိုက်ကြတယ်။
အုတ်ဈေးလည်း နည်းနည်းတက်တယ်။ စရိတ်နဲ့ဆို အုတ်ဈေးတက်တယ်လို့တောင် မဆိုသာဘူး” ဟု ၎င်းက ပြောဆိုသည်။

အုတ်များကို ပွင့်လင်းရာသီတွင်သာ လုပ်ကိုင်ကြပြီး သင်္ကြန်အပြီး မိုးဦးစကာလတွင် အလုပ်ရပ်နားကြကြောင်း အုတ်လုပ်ငန်းရှင်များက ပြောသည်။