ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသတွင် အလှူခံနေသော မြန်မာများကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးမှုများ ပြုလုပ်လာနေသဖြင့် ပြည်တွင်းရှိ မြန်မာဒုက္ခသည်များအတွက် အလှူငွေရရှိရန် ပိုမိုခက်ခဲလာနေကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့များထံမှ သိရသည်။
မဟာချိုင်ဒေသနှင့် အုန်းနွဲ့၊ အုန်းယိုင်ဒေသတွင် မြန်မာအလုပ်သမားများက တနင်္ဂနွေနေ့ အလုပ်ပိတ်ရက်တိုင်း လမ်းမပေါ်၊ ဈေးနှင့် လူစည်ကားရာ နေရာများတွင် မြန်မာစစ်ဘေးရှောင် ဒုက္ခသည်များအတွက် အလှူခံလေ့ရှိကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။
ပြီးခဲ့သော ဖေဖော်ဝါရီလ ၉ ရက်နေ့က အုန်းယိုင်ဒေသရှိ လူကူးခုံးကျော်တံတားပေါ်တွင် စစ်ဘေးရှောင်များအတွက် အလှူခံနေသော မြန်မာနိုင်ငံသားများကို ထိုင်းမျိုးချစ်အဖွဲ့က လာရောက်တားဆီးခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။
ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများက ငွေကြေးအလှူခံခွင့် မရှိဟု ပြောဆိုခဲ့ပြီး ရဲတပ်ဖွဲ့ထံ ဖမ်းဆီးစေခဲ့ကြောင်း ၎င်းတို့ကဆိုသည်။
ဖမ်းဆီးခံရသော မြန်မာအလုပ်သမား ၃ ဦးကို ရဲစခန်းတွင် ဒဏ်ငွေဆောင်စေ၍ ပြန်လွှတ်ပေးလိုက်ပြီး နောက်ထပ် ငွေကြေးအလှူမခံရန် သတိပေးလိုက်ကြောင်း ဖမ်းဆီးခံရသူနှင့် နီးစပ်သူထံမှ သိရသည်။
ထို့ကြောင့် စစ်ဘေးရှောင်များကို ထောက်ပံ့နေသော မြန်မာအလုပ်သမားအဖွဲ့အစည်းများကလည်း လမ်းမနှင့် လူစည်ကားရာနေရာများတွင် လတ်တလော ငွေကြေးအလှူခံမှုများကို ရပ်ဆိုင်းထားရသဖြင့် ယခင်ကထက် အလှူငွေရရှိမှု နည်းပါးနေကြောင်း မဟာချိုင်က စစ်ဘေးရှောင်ထောက်ပံ့ရေးအဖွဲ့၏ အဖွဲ့ဝင် တစ်ဦးက ပြောသည်။
“အရင်တည်းက လမ်းမထွက် အလှူခံတယ်။ ဒီကနေ ထောက်ပံ့ငွေတွေ အများကြီး ရလာတယ်။ ရိက္ခာတို့ စားနပ်ရိက္ခာတို့ကို များစွာ ထောက်ပံ့နိုင်ထားတယ်။ ပြည်တွင်းကို လှူနေတဲ့သူအများစုကလည်း ထိုင်းဘက်က ပိုများတယ်လေ။ ဒီတိုင်းသာ (လမ်းပေါ်ထွက် အလှူခံတာ) ရပ်ထားရမယ်ဆိုပါက ကျွန်တော်တို့အတွက် အများကြီး ထိခိုက်စေနိုင်တယ်” ဟု ယင်းအဖွဲ့က အဖွဲ့ဝင် တစ်ဦးက ဆိုသည်။
အဖွဲ့က ဦးဆောင်၍ စစ်ဘေးရှောင်ရန်ပုံငွေအတွက် ယခင်ကတည်းက အလှူခံနေခြင်းဖြစ်ပြီး အလှူခံရငွေဖြင့် မြန်မာပြည်တွင်းရှိ စစ်ဘေးရှောင်နှင့် အခြားဒုက္ခသည်များကို ထောက်ပံ့နေခဲ့ကြောင်း ၎င်းကဆိုသည်။
ယခုနှစ်အစမှစ၍ အလှူခံသော အကြိမ်ရေ နည်းပါးလာနေရာ အလှူခံရငွေများလည်း ထက်ဝက်ခန့် လျော့နည်းသွားခဲ့ကြောင်း ၎င်းကဆိုသည်။
လက်ရှိတွင် မြန်မာအလုပ်သမားများကို အဖမ်းအဆီးများနေသဖြင့် လုံခြုံရေးအရ ငွေကြေးအလှူခံမှုကို ယာယီရပ်နားထားသော်လည်း နောက်ပိုင်းတွင် အခြားနည်းလမ်းတစ်ခုခုဖြင့် ဆက်လက်အလှူခံသွားမည်ဟု ၎င်းက ဆိုသည်။
ထိုင်းရောက် မြန်မာနိုင်ငံသားများသည် ဥပဒေအရ ကိုယ်တိုင်လိုက်လံ၍ ငွေကြေးအလှူခံခွင့်မရှိသဖြင့် ရန်ပုံငွေအတွက်အလှူခံလိုပါက တရားဝင် ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ကြောင်း မြန်မာအလုပ်သမား အဖွဲ့အစည်းများကလည်း ထောက်ပြထားသည်။
လက်ရှိတွင် မဟာချိုင်နယ်နှင့် အခြားနေရာများတွင် မြန်မာအလုပ်သမားများကို ဖမ်းဆီးအရေးယူမှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် မြန်မာနိုင်ငံသားများ လုံခြုံစွာနေထိုင်ကြရန်၊ အရေးတကြီးကိစ္စရှိမှသာ အပြင်ထွက်ကြရန် အလုပ်သမားအဖွဲ့အစည်းများက တိုက်တွန်းထားသည်။