BREAKING
February 25, 2025

ပေါင်မြို့နယ် မီးသတ်ဦးစီးမှူး၊ ထွေအုပ်ဒုဦးစီးမှူးနှင့် လုပ်ငန်းရှင်များကို စစ်ကောင်စီဖမ်းဆီး

February 25, 2025

မွန်ပြည်နယ်၊ ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးအပါအဝင် ခြောက်ဦးကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂၄ ရက်နေ့က ဖမ်းဆီးသွားကြောင်း ဖမ်းခံရသူများနှင့် နီးစပ်သည့် ဒေသခံတို့ထံမှ သိရသည်။

ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမြတ်ကိုကို၊ ပေါင်မြို့နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးကျော်မျိုးလှိုင်၊ လုပ်ငန်းရှင်များဖြစ်သည့် ဦးဇာနည်၊ ဦးမိုးငယ်၊ ဦးဇော်ဝင်းမြင့်နှင့် ဒေါ်ကျော့ကျော့စံတို့ကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့် နေအိမ်နှင့် ရုံးတို့တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက မည်သည့်အကြောင်းကြောင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ကို မသိရှိရသေးသလို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုလည်း မသိရှိရသေးကြောင်း နီးစပ်သူတို့က ပြောသည်။

“ဘာကြောင့် အခုလို ဖမ်းခေါ်သွားတာလဲဆိုတာတော့ ကျွန်တော်တို့လည်း မသိသေးဘူး။ အမျိုးအမျိုးတော့ ပြောနေကြတယ် ဒါပေမဲ့ ဘာမှ မသေချာသေးဘူး” ဟု ဖမ်းဆီးခံရသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းတို့ ဖမ်းဆီးခံရမှုသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပတ်သက်ဆက်နွယ်သည့် စွပ်စွဲချက်ဖြင့် ဖြစ်နိုင်ကြောင်း ဒေသခံတို့အကြား ပြောဆိုနေကြသည်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကလည်း ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာမှ ကျူရှင်ဆရာ ဦးရဲထွန်းနိုင်ဆိုသူကိုလည်း စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ယခုဖမ်းဆီးခံရသည့်ဖြစ်စဉ်သည်လည်း ဦးရဲထွန်းနိုင်ဖမ်းဆီးခံရသည့် နောက်ဆက်တွဲဖြစ်နိုင်ကြောင်း ဒေသခံတို့က ပြောဆိုနေကြသည်။

စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ဦးစီးမှူ၊ ဒုဦးစီးမှူးနှင့် စီးပွားရေးလုပ်ငန်းရှင်းများမှာ မိသားစုနှင့် ဆက်သွယ်ခွင့်မရသေးကြောင်း နီးစပ်သူတို့က ပြောသည်။

ဖေဖော်ဝါရီလ ပထမအပတ်အတွင်းကလည်း ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာနှင့် မိုးနိုင်းကျေးရွာကြား တံတားတစ်ခုအောက်တွင် မိုင်းအများအပြားတွေ့ရှိသဖြင့် ဒေသခံ ၂၀ ဦး ထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သေးသည်။

လဂွန်းအိမ်စာစဉ်၏ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ်တွင် မတရား ဖမ်းဆီးခံရသည့်အခြေအနေ ဆိုးရွားလာကြောင်း၊ အုပ်စုအလိုက် ဖမ်းဆီးခံရသည့်ဖြစ်စဉ်လည်း မကြာခဏဖြစ်ပွားနေကြောင်း၊ ဇန်နဝါရီလ တစ်လအတွင်း၌ပင် အရပ်သားပြည်သူ ၈၆ ဦးထက်မနည်း ဖမ်းဆီးခံရကြောင်း ဖော်ပြထားသည်။