ပုလောမြို့နယ် ထားဝယ်-ပုလောလမ်းပေါ်က ဆင်ထိုးကြီးရွာအဝင်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ဆေးရေးဂိတ်တွင် ဖေဖော်ဝါရီလ ၂၃ရက် ညပိုင်းက အရပ်သားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။
သေဆုံးသူမှာ ပိတောက်ကြီးရွာက အသက် ၃၈နှစ်ခန့်အရွယ် မောင်ဂန်ဟု ခေါ်ဝေါ်ကြသူဖြစ်ပြီး ဇနီး၊ သားနှင့်အတူ ပလောက်မြို့တွင် ဆေးခန်းပြပြီး ဆိုင်ကယ်ဖြင့် ရွာသို့ပြန်လာစဉ် အဆိုပါဂိတ်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံ အချို့က ဆိုသည်။
“ဆေးခန်းပြပြီး ပြန်လာတော့ ၇နာရီကျော်နေပြီ။ အဲဒီဂိတ်ကိုရောက်တော့ ၈ နာရီ ထိုးခါနီးနေပြီထင်တယ်၊ အဲဒီမှာ ပစ်ခံရ တာ။ ဆိုင်ကယ် မရပ်လို့ ပစ်တာလို့တော့ သူ့မယားက ပြောတယ်” ဟု ပိတောက်ကြီးရွာက ဒေသခံအမျိုးသမီးတစ်ဦး ပြောဆိုသည်။
ပစ်ခတ်ခံရသည့် အမျိုးသားမှာ ရွာသို့ ရောက်ရှိချိန်တွင် သေဆုံးနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
အထက်ပါ စစ်ဆေးရေးဂိတ်တွင် KNU တပ်မဟာ (၄) ၊ KNLA တပ်ရင်း (၁၂) တပ်ခွဲ (၃) က အဓိက တာဝန်ယူထားကြောင်း ဒေသခံများနှင့် သတင်းအရင်းအမြစ်များထံမှ စုံစမ်းသိရသည်။
“အဲဒီနေ့က ည ၇နာရီကျော် ၈ နာရီလောက်မှာ သေနတ်သံတွေ အချက်နှစ်ဆယ်လောက်ကြားလိုက်ရတယ်၊ မနက်ကျ စုံစမ်း ကြည့်တော့ အရပ်သားပစ်ခတ်ခံရတာလို့သိရတာ” ဟု ဆင်ထိုးကြီးရွာက အမျိုးသမီးတစ်ဦးက ပြောသည်။
အထက်ပါ ပစ်ခတ်မှုနှင့် ပတ်သက်ပြီး KNLA တပ်ရင်း (၁၂) ၊ တပ်ခွဲ (၃) က တပ်ခွဲမှူး စောထူးကပေါ် ကို Dawei Watch က မေးမြန်းနိုင်ရန်အတွက် ဖုန်းဖြင့်ဆက်သွယ်သော်လည်း စက်ပိတ်ထားသဖြင့် မေးမြန်းခွင့် မရသေးပေ။
KNLA တပ်ရင်း (၁၂) မှ အမည်မဖော်လိုသည့် တပ်ဖွဲ့ဝင်တစ်ဦးကမူ အဆိုပါဂိတ်တွင် KNLA တပ်ရင်း (၁၂) တပ်ခွဲ (၃) က တာဝန်ယူထားပြီး ကနဦးစုံစမ်းချက်အရ ဗိုလ်မုတ်ဆိတ်အဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။
အဆိုပါပြောဆိုချက်နှင့် ပတ်သက်၍ KNLA တပ်ခွဲ (၃) က ဗိုလ်မုတ်ဆိတ်ဆိုသူကို Dawei Watch က ဆက်သွယ် မေးရာတွင် ပစ်ခတ်မှုကို ကြားသိခြင်းမရှိဟု ငြင်းဆိုသည်။
“ကျွန်တော်က ရှေ့တန်းမှာလေ။ (ဂိတ်မှာ) ဘယ်အဖွဲ့တွေရှိလဲ ဆိုတာလည်း မသိဘူး” ဟု ၎င်းက ပြောသည်။
အဆိုပါပစ်ခတ်မှုနှင့် ပတ်သက်၍ Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။