BREAKING
February 25, 2025

ဝကုန်းရွာတွင် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရ

February 25, 2025

ထားဝယ်အရှေ့တောဒေသ ဝကုန်းရွာ ဘူဓိဗောမိုင်းဘက်ရှိ ဥယျာဉ်ထဲသို့သွားသည့် အမျိုးသမီးတစ်ဦး ယနေ့ ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် မြေမြှုပ်မိုင်းနင်းမိကြောင်း ဒေသခံအချို့က ပြောသည်။

အသက် ၄၃ နှစ်အရွယ် ဒေါ်မာလွင်နှင့် သားဖြစ်သူတို့နှစ်ဦးမှာ ဥယျာဉ်ခြံထဲသို့ ခြေလျင်သွားစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ဒေါ်မာလွင် ဒဏ်ရာရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“မိုင်းနင်းမိပြီး ဒဏ်ရာရတယ်ဆိုတာပဲ သိသေးတယ်။ အခု သွားသယ်နေကြတဲ့လူတွေ ပြန်မထွက်လာကြသေးဘူး။ အဲဒါကြောင့် အသေးစိတ် မသိရသေးဘူး” ဟု ၎င်းက ပြောဆိုသည်။

ဇန်နဝါရီလ ၂၂ ရက် နံနက် ၇ နာရီခန့်ကလည်း ဝကုန်းရွာက အသက် ၄၅ နှစ်ရှိ ဦးမောင်ဝင်း ဥယျာဉ်ခြံထဲသို့ သွားစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဘက် ပြတ်တောက်သွားပြီး ကျန်ခြေတစ်ဘက်၏ ခြေဖနောင့်တွင်လည်း ဒဏ်ရာရခဲ့သည်။

ဝကုန်းရွာ တောင်ကြောရှိ နေရာများတွင် မြေမြှုပ်မိုင်းထောင်ထားသဖြင့် သွားလာခြင်း မပြုကြဖို့ KNU/KNLA က ဇန်နဝါရီလ ၁၈ ရက်တွင် ဒေသခံများကို အစည်းအဝေးခေါ်ယူ အသိပေးထားကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားကို စာပို့မေးမြန်းထားရာ တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ဥယျာဉ်ခြံလုပ်ငန်းကို အဓိကထား လုပ်ကိုင်စားသောက်နေရသည့် ဒေသခံများကမူ ၎င်းတို့လုပ်ကိုင်စားသောက်သည့် နေရာများတွင် ထောင်ထားသည့် မြေမြှုပ်မိုင်းများကို ပြန်ဖော်ပေးစေလိုကြောင်း ပြောဆိုကြသည်။

သတင်းဖြည့်စွက်ချက်။ အမျိုးသမီးတွင် ခြေဖနောင့်ဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိထားသဖြင့် ထားဝယ်ဆေးရုံသို့ ပို့ဆောင်လိုက်ပြီဖြစ်ပြီး အသက် ၁၂ အရွယ်သားဖြစ်သူမှာလည်း နားမကြားဘဲဖြစ်နေသောကြောင့် ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများထံမှ သိရသည်။