ထားဝယ်မြို့ပေါ်တွင် နေထိုင်သည့်မိသားစုများ၏ အိမ်ထောင်စုစာရင်း မိတ္တူများကို စစ်ကောင်စီက တောင်းယူပြီး စစ်ဆေးနေကြောင်း မြို့ခံအချို့က ပြောသည်။
စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုက်လံတောင်းယူကာ စစ်ဆေးနေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
“ဒီလူက အခုဘယ်မှာနေတယ်။ ဒီလူက ဘယ်ကိုသွားတယ်ဆိုပြီး အိမ်ထောင်စုစာရင်း (မိတ္တူ) မှာ ရေးပေးလိုက်ရတယ်။ အိမ်တိုင်းအဲဒီလို လုပ်ပေးနေရတာ” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။
မြို့ခံများနှင့် စစ်ဘေးရှောင်မိသားစုများအား မေးမြန်းချက်အရ ယခုကဲ့သို့ အိမ်ထောင်စုစာရင်း တောင်းယူစစ်ဆေး ခံနေရသည်မှာ စစ်ဘေးရှောင်များအများစု နေထိုင်လေ့ရှိသည့် ရပ်ကွက်များတွင် ဖြစ်ကြောင်း သိရသည်။
အိမ်ထောင်စုစာရင်း တောင်းယူပြီး အိမ်ရှိ မိသားစုဝင်များ၏ စာရင်းနှင့် ဧည့်စာရင်းတို့ကို တိုက်ဆိုင် စစ်ဆေးကြောင်း မြို့ခံအချို့က ဆိုသည်။
“(နယ်ကနေ ပြောင်းလာတဲ့) လူငယ်ပိုင်းထဲကဆိုရင် ကျောင်းဖြစ်ဖြစ် (တက္ကသိုလ်ကိုဆိုလို) နေတဲ့သူဆိုရင် တော်သေးတယ်။ ဘာမှမပြောနိုင်ရင်တော့ တော်တော်ရစ်ခံရတယ်” ဟု မြို့ပေါ်ရှိ အခြားစစ်ဘေးရှောင်တစ်ဦးက ပြောသည်။
ယခင်ကမူ ထားဝယ် မှတ်ပုံတင် ၆/ထဝန (နိုင်) ကိုင်ဆောင်ထားသူ လူငယ်များသာ အဓမ္မစစ်မှုထမ်း ဆင့်ခေါ်ခံရလေ့ရှိပြီး ယခုမူ အခြားမြို့နယ်မှ အကြောင်းအမျိုးမျိုးကြောင့် ထားဝယ်မြို့ပေါ်သို့ ပြောင်းရွှေ့နေထိုင်သည့် လူငယ်များပါ အဓမ္မစစ်မှုထမ်းဆင့်ခေါ်မည်ကို စိုးရိမ်ရကြောင်း ထားဝယ်မြို့ပေါ်ရှိ စစ်ဘေးရှောင်များက ဆိုသည်။
“မြို့သား (မြို့ခံလူငယ်) တွေက ရှောင်နေကြတာဆိုတော့ အခုဆို ဒီမှာ (မြို့ပေါ်မှာ) မရှိသလောက်နည်းသွားပြီဗျ။ ရှိတဲ့သူ တွေက ကျွန်တော်တို့လို နယ်ကလာနေတဲ့သူလောက်ပဲ ရှိတော့မှာ။ အခုက ကျွန်တော်တို့ပါ စိုးရိမ်နေရပြီ။ ဘာဖြစ်လို့ လည်းဆိုတော့ အိမ်ထောင်စုစာရင်းကြည့်ပြီး ဘယ်သူဘယ်မှာနေတယ်ဆိုတာ သူတို့ရသွားတဲ့အခါကျတော့ ရှိတဲ့သူကို ခေါ်တော့မှာလေ” ထားဝယ်မြို့ပေါ် ပြောင်းရွှေ့နေထိုင်သော လူငယ်တစ်ဦးက ပြောသည်။
မြို့ခံအချို့ကလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အိမ်ထောင်စုစာရင်းတောင်းခံပြီး စစ်ဆေးနေခြင်းမှာ သန်းခေါင်စာရင်းပါ အချက်အလက်နှင့် တိုက်ဆိုင်စစ်ဆေးပြီး အဓမ္မစစ်မှုထမ်းဆင့်ခေါ်ရန်ဖြစ်နိုင်ကြောင်း ပြောဆိုကြသည်။
အဓမ္မ စစ်မှုထမ်းဆင့်ခေါ်ခံရမည်ကို စိုးရိမ်နေသည့်အချိန် အိမ်ထောင်စုစာရင်း တောင်းယူ စစ်ဆေးခံနေရသဖြင့် မြို့ပေါ်ရှိ ယခင်ကထက် ပိုမိုစိုးရိမ်နေကြကြောင်း စစ်ဘေးရှောင်နေသူများက ဆိုသည်။
ယင်းအပြင် စစ်ကောင်စီတပ်သည် ၎င်းတို့သံသယရှိသည့်နေရာများကို အင်အား အလုံးအရင်းဖြင့် ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခြင်းများကိုလည်း ယခုနောက်ပိုင်း မြို့ပေါ်တွင် ပိုမိုပြုလုပ်လာကြောင်း မြို့ခံများထံမှ သိရသည်။
“အင်အားအလုံးအရင်းနဲ့ အိမ်ခေါင်မိုးတွေအထိ တက်ပြီးရှာကြတာ။ သူတို့ပြောတာတော့ PDF တွေကို ရှာတယ်လို့ပြောတယ်” ဟု ယင်းကဲ့သို့ ရှာဖွေခံရဖူးသူတစ်ဦးက ပြောသည်။
Dawei Watch က ရရှိထားသည့် အချက်အလက်အရ ထိုကဲ့သို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ရှာဖွေသည့်ဖြစ်စဉ်မျိုး ယခုနှစ်ထဲ အနည်းဆုံး သုံးကြိမ်ရှိနေပြီဖြစ်သည်။
ဇန်နဝါရီလ အစပိုင်းတွင် ထားဝယ်မြို့ မြိုသစ်ရပ်ကွက်၌ တစ်ကြိမ် ဖမ်းဆီးခဲ့ပြီး ယင်းလ ၁၈ ရက်တွင် အိမ်ရှေ့ပြင်ရပ်ကွက် ထားဝယ်အဝေးပြေးကားဝင်းရှိ တည်းခိုခန်းတစ်ခုနှင့် ဖေဖော်ဝါရီလ ဒုတိယအပတ်ထဲတွင် ထားဝယ်မြို့ စုပေါင်းရုံး (ထွေအုပ်ရုံး) အနီးရှိ ပင်လုံအိမ်ရာတို့လည်း စစ်ကောင်စီတပ်က စီးနင်းရှာဖွေဖမ်းဆီးခဲ့ဖူးသည်။