တောင်သူများလက်ထဲ ကွမ်းသီးခြောက်ပြတ်လပ်သွားချိန် ဈေးနှစ်ဆနီးပါးမြင့်တက်ကြောင်း တောင်သူအချို့နှင့် ဈေးကွက်အတွင်းမှ သိရသည်။
ဖေဖော်ဝါရီလဆန်းပိုင်းက ကွမ်းသီးခြောက်တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်ဝန်းကျင်သာဈေးရှိပြီး ကွမ်းသီးခြောက်ရာသီ ကုန်ခါနီးသည့် လက်ရှိအချိန်တွင် ကျပ်နှစ်သောင်းနီးပါးအထိ ဈေးမြောက်နေကြောင်း မြိတ်မြို့ရှိ ကွမ်းသီးခြောက် အဝယ်ဒိုင်အချို့ထံမှ သိရသည်။
ကွမ်းသီးနုရာသီက ဈေးကောင်းခဲ့သဖြင့် ကွမ်းသီးနုဆွတ်ခူးရောင်းချသူများပြားပြီး ကွမ်းသီးအမှည့်အထွက် နည်းသော ကြောင့် တောင်သူများလက်တွင် ကွမ်းသီးခြောက်ပြတ်လပ်နေပြီဖြစ်ကြောင်း တောင်သူအချို့က ပြောသည်။
ယခုနှစ်တွင် ကွမ်းသီးမှည့်အထွက်နည်းသည့်အပြင် တိုက်ပွဲနှင့် စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုများကြောင့် တောင်သူများက ကွမ်းသီးခြောက် မသိုလှောင်ရဲကြကြောင်း ဘုတ်ပြင်းမြို့နယ်မှ ကွမ်းစိုက်တောင်သူတစ်ဦးက ဆိုသည်။
စစ်ရေးတင်းမာပြီး တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်သဖြင့် ဒေသခံတောင်သူများက ကွမ်းသီးခြောက်ကို မသိုလှောင် ကြတော့ဘဲ ရောင်းထုတ်လိုက်ကြကြောင်း ၎င်းက ပြောဆိုသည်။

“ကျွန်တော်တို့ဘက်မှာတော့ ကွမ်းသီးကုန်ပြီ။ ဈေးကောင်းစောင့်ပြီး သိုလှောင်တာတွေလည်း မလုပ်ဖြစ်ဘူး။ ဒေသတွင်း သတင်းအခြေအနေတွေကလည်း ကြားရတာ မကောင်းဘူး” ဟု အဆိုပါ ကွမ်းစိုက်တောင်သူက ပြောသည်။
လက်ရှိတွင် ကွမ်းသီးခြောက်ပြတ်လုနီးပါးဖြစ်လာသည့်အပြင် သယ်ယူရာတွင် ကုန်ကျစရိတ်များပြားခြင်းတို့ကြောင့် ကွမ်းသီးခြောက် ဈေးတက်လာခြင်းဖြစ်ကြောင်း မြိတ်မြို့ရှိ ကွမ်းသီးအဝယ်ဒိုင်ပိုင်ရှင်အချို့က ဆိုသည်။
“ဒီနှစ်က အနုဈေးကောင်းလို့ ကွမ်းသီးခြောက် ထွက်နှုန်းနည်းတယ်။ တချို့နေရာတွေဆို သယ်ယူစရိတ်တွေကြီးတယ်၊ ဂိတ်ကြေးတွေ ပေးရတာများတယ်။ ဒါတွေကြောင့် ဈေးကတက်နေတာဖြစ်တယ်” ဟု မြိတ်မြို့ရှိ ကွမ်းသီးအဝယ်ဒိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။
မြိတ်မြို့ပေါ်ရှိ အဝယ်ဒိုင်များသည် ကော့သောင်း၊ ဘုတ်ပြင်း၊ မြိတ်နှင့် ကျွန်းစုမြို့နယ်ထွက် ကွမ်းသီးများကို အဓိက ဝယ်ယူနေခြင်းဖြစ်သည်။
ဘုတ်ပြင်း၊ မြိတ်၊ ထားဝယ်မြို့နယ်အပါအဝင် တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် ကွမ်းသီးပင်များကို စီးပွားဖြစ် စိုက်ပျိုးထားကြသည်။