ကယန်းတိုင်းရင်းသူ မွေထိုင်းလက်ဝှေ့မယ် ဗရော်နီကာ သည် ယနေ့ညတွင် ယှဉ်ပြိင်ခဲ့ရသော Thai Fight : King Of Muay Thai ပြိုင်ပွဲကြီး၌ ပြိုင်ဘက်ဖြစ်သူ ထိုင်းမွေထိုင်းလက်ဝှေ့မယ် ဖတ်ဆိုင်းကို အမှတ်ဖြင့် အရေးနိမ့်ကာ ရှုံးပွဲကြုံလိုက်ရပြီဖြစ်ကြောင်း သိရှိရသည်။
ဗရော်နီကာသည် ပွဲချီ ၃ ချီလုံးကို လက်ရည်အသာစီးဖြင့် ထိုးသတ်နိုင်ခဲ့သော်လည်း အမှတ်ဖြင့် ဆုံးဖြတ်ချိန်တွင် ရှုံးနိမ့်သွားခဲ့ရသည့်အတွက် ၎င်းကို အားပေးသောပရိသတ်များက မကျေမချမ်း ဖြစ်နေကြသည်။
ဗရော်နီကာနှင့် ဖတ်ဆိုင်းတို့သည် ပွဲချီ ၃ ချီ ပြည့်သည်အထိ တစ်ဦးကိုတစ်ဦး အလဲထိုးနိုင်ခြင်း မရှိခဲ့ကြသည့်အတွက် အမှတ်ပေးဒိုင်လူကြီးများ၏ဆုံးဖြတ်ချက်ကို ခံယူလိုက်ကြရပြီး အမှတ်ပေးစည်းမျဉ်းအရ ဖတ်ဆိုင်းက ဗရော်နီကာကို အနိုင်ရရှိကာ ဗရော်နီကာ၏နိုင်ပွဲဆက်မှုများကို ရပ်တန့်သွားခဲ့ခြင်းဖြစ်သည်။




Thai Fight ပြိုင်ပွဲတွင် ၂ နှစ်ဆက် ချန်ပီယံဖြစ်ထားသော ဗရော်နီကာသည် လက်ရှိဖေဖော်ဝါရီလအတွင်း ၂ ပွဲဆက် ယှဉ်ပြိုင်ထိုးသတ်လိုက်ရခြင်းဖြစ်ကာ အခုယှဉ်ပြိုင်ခဲ့ရသည့် Thai Fight : King Of Muay Thai ပြိုင်ပွဲကြီးတွင် ပြိုင်ဘက်အဖြစ် ဖတ်ဆိုင်းနှင့် ရင်ဆိုင်ထိုးသတ်ရမည်ဆိုခြင်းကို ပြိုင်ပွဲကျင်းပရန် ရက်နီးကပ်ချိန်သို့ရောက်မှသာ ဗရော်နီကာက သိခဲ့ရခြင်းဖြစ်သည်။
ကယန်းကျားသစ်မယ်ဟု ချစ်စနိုးခေါ်ဝေါ်ခြင်းခံထားရသူ ဗရော်နီကာသည် မွေထိုင်းလက်ဝှေ့မယ်ဘဝဖြတ်သန်းမှုတွင် ဒုတိယမြောက်ရှုံးပွဲကို ရင်ဆိုင်လိုက်ရခြင်းဖြစ်ပြီး သူမ၏ ၁၇ ပွဲဆက်တိုက် အနိုင်ရရှိခဲ့သည့်မှတ်တမ်းကောင်းမှာလည်း ယခုပွဲတွင် အရှုံးရလဒ်ဖြင့် ကြုံဆုံခဲ့ရကာ ရပ်တန့်သွားခဲ့ရပြီဖြစ်သည်။