BREAKING
December 24, 2024

ထားဝယ်တွင် ဓာတုလွတ် စိုက်ပျိုးရေး စံပြဥယျာဉ် စတင်

February 25, 2020

ထားဝယ်တွင် ဓာတုလွတ် စိုက်ပျိုး ရေးစံပြဥယျာဉ် စတင်အကောင်အထည် ဖော်နေပြီဖြစ်ကြောင်း ထားဝယ်ဒေသ ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံပန်းမာန် စိုက်ပျိုးထုတ်လုပ်သူများအသင်းထံမှ သိရသည်။

ဓာတုလွှတ် စိုက်ပျိုးရေးစံပြဥယျာဉ် တွင် ကွမ်းရွက်ပင်ကို အဓိက စိုက်ပျိုး မည်ဖြစ်ပြီး ငရုတ်၊ သခွား၊ ချည်ပေါင်၊ ကန်စွန်း၊ ရုံးပတီသီး၊ သရက်စသဖြင့် နှစ်ရှည်ပင်နှင့် နှစ်တိုပင်များကို စိုက်ပျိုး သွားမည်ဖြစ်ကြောင်း အထက်ပါအသင်းမှ (နည်းပညာ၊ ဆေးဝါး၊ မြေဩဇာ) ဒေသအကြံပေး ဦးအောင်ကျော်မျိုးက ပြောသည်။

“ကျွန်တော်တို့ ဓာတုလွတ် စံပြ ဥယျာဉ်ဆိုလုပ်လိုက်တယ်ဆိုရင် မည်သည့် တောင်သူမဆို လာပြီးတော့ လေ့လာ နိုင်အောင်၊ ဒေသမှာ စားသုံးသူလူတန်း စားတစ်ရပ်လုံး ဓာတုကင်းလွတ်သီးနှံစား သုံးပြီး ကျန်းကျန်းမာမာ လူတန်းစား တစ်ရပ်ဖြစ်လာအောင် ရည်ရွယ်တယ်”ဟု ကိုအောင်ကျော်မျိုးက ဆိုသည်။

စံပြဥယျာဉ်တွင် လာရောက်လေ့ လာသည့် တောင်သူများကို ဓာတုလွတ် သီးနှံစိုက်ပျိုး နည်းပညာများနှင့် သဘာ၀မြေဩဇာ၊ EM ဆေးရည်၊ သဘာ၀ပိုး သတ်ဆေးများ ဖော်စပ်ပုံ အသုံးပြုပုံ စသည့် နည်းပညာများကိုလည်း မျှဝေ ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြော သည်။

စံပြဥယာဉ်၏ မြေဧရိယာအကျယ်မှာ ၂ ဒသမ ၅ ဧကရှိပြီး ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်သွား လမ်းတွင် တည်ရှိသည်။

“ဆရာ့အနေနဲ့ ပြောရရင် ဒါက ကောင်းတဲ့အလုပ်ပဲပေါ့နော်၊ အစား အသောက်တွေ အတော်များများမှာ ကယ်မီကယ်(ဓာတုဆေး)တွေ တော်တော်များများပါတယ်ပေါ့နော်၊ ဖြစ်ဖြစ်မြောက် မြောက်လေးလုပ်စေချင်တယ်၊ ဈေးကွက်ကို ရှာဖို့လည်း လိုတယ်၊ အစိုးရက ကူညီပံ့ပိုးပေးဖို့ပေါ့နော် အားလုံးဝိုင်းပါ ဖို့လိုတယ်”ဟု ထားဝယ်သုတေသန အသင်းဥက္ကဋ္ဌ ဦးဇော်သူရက ပြောသည်။

မိုးမြင့်