မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။
ဇန်နဝါရီ ၁၉ ရက်မှ ၂၅ ရက်အထိ
တရုတ်ဖိအားကြောင့် စစ်ကောင်စီနဲ့ ကိုးကန့်တပ်တို့ တရားဝင်အပစ်ရပ်
တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းမှုနဲ့ စစ်ကောင်စီနဲ့ ကိုးကန့်တပ် MNDAA တို့ကြား အပစ်ရပ်ဖို့ နှစ်ဖက်သဘောတူညီ လိုက်ကြတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီလ ၂၀ရက်မှာ ပြောပါတယ်။
မြန်မာစစ်ကောင်စီနဲ့ ကိုးကန့်တပ်တို့ဟာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ၁၆ရက်နဲ့ ၁၇ရက်တွေမှာ တွေ့ဆုံဆွေးနွေးပြီး အခုလို သဘောတူညီပြီး လက်မှတ်ရေးထိုးခဲ့ကြတာလို့ ဆိုပါတယ်။ ဘယ်လိုအချက်တွေကို သဘောတူညီခဲ့ကြတယ်ဆိုတာ ကိုတော့ တရုတ်ဘက်က အသေးစိတ်မပြောပါဘူး။ အပစ်ရပ်သဘောတူညီချက်ထဲမှာ ဇွန်လထဲမှာ လားရှိုးကနေ ကိုးကန့်တပ် ပြန်ဆုတ်ပေးဖို့ ပါဝင်တယ်လို့ သတင်းထွက်နေပေမယ့် တရုတ်ဘက်က တရားဝင်ပြောဆိုတာမရှိသလို စစ်ကောင်စီနဲ့ ကိုးကန့်တပ်ဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။
အပစ်ရပ်ဖို့ သဘောတူလိုက်ပြီးနောက်မှာတော့ ကိုးကန့် နယ်ထဲက တရုတ်-မြန်မာနယ်စပ်ဂိတ်တချို့ကနေ ကုန်သွယ်ခွင့်ကို တရုတ်ဘက်က ပြန်လည်ခွင့်ပြုလိုက်ပါတယ်။ ကိုးကန့်တပ်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိတဲ့ လားရှိုးကို သိမ်းယူပြီး နောက်မှာ တရုတ်က တိုက်ပွဲရပ်ဖို့ ဖိအားပေးတဲ့ အနေနဲ့ နယ်စပ်ဂိတ်တွေ ပိတ်ပြီး ပိတ်ဆို့ဖြတ်တောက်အရေးယူခဲ့ပါတယ်။ ဒါ့အပြင် ကိုးကန့်တပ်ခေါင်းဆောင် ဖုန်တာရွှင် ကိုလည်း ထိန်းသိမ်းထားတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး တရုတ်ဘက်ကတော့ ငြင်းဆိုခဲ့ပါတယ်။
……………………………………..
စစ်မှုထမ်းအကျုံးဝင်တဲ့ လူငယ်တွေကို ပြည်ပထွက်ခွင့်ပိတ်
စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်ခံရတဲ့ လူငယ်တွေဟာ ခွင့်ပြုချက်မရဘဲ ပြည်ပကို ထွက်ခွာခွင့် မပြုဘူးလို့ ဇန်နဝါရီလ ၂၃ရက်မှာ စစ်ကောင်စီကပြဋ္ဌာန်းတဲ့ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများမှာ ဖော်ပြပါတယ်။
စစ်မှုထမ်းအသက်အရွယ် အကျုံးဝင်တဲ့ လူငယ်တိုင်းဟာ စစ်မှုထမ်းဖို့အတွက် မှတ်ပုံတင်ရမှာဖြစ်ပြီး ဆေးစစ်မှုခံယူ ပြီးရင်တော့ ဆင့်ခေါ်စာအမိန့်ထုတ်ပြီး စစ်မှုထမ်းခေါ်မယ်လို့ ဖော်ပြပါတယ်။ ဒီလို အမိန့်စာနဲ့ ဆင့်ခေါ်ခံရသူတွေဟာ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိရင် ပြည်ပထွက်လို့ မရတော့တာပါ။ စစ်မှုထမ်းကင်းလွတ်ခွင့်ပြုဖို့၊ စစ်မှုထမ်းကာလလျှော့ပေးဖို့၊ ရွှေ့ဆိုင်းပေးဖို့ လျှောက်ထားသူတွေလည်း ပြည်ပထွက်ခွင့် ပိတ်ပင်ခံထားရပါတယ်။
ဒါ့အပြင် Non CDM ဝန်ထမ်းတွေလည်း စစ်မှုထမ်းရမှာဖြစ်ပြီး စစ်မှုထမ်းပြီးသူတွေဟာလည်း အရေးပေါ်လိုအပ်ရင် ပြန်လည်စစ်မှုထမ်းရမယ်လို့ ဖော်ပြပါတယ်။ စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီး နည်းဥပဒေ မပြဋ္ဌာန်းနိုင်သေးခင်မှာဘဲ လူငယ်တွေကို အဓမ္မ စစ်မှုထမ်းခေါ်ဆောင်ခဲ့ပါတယ်။ လက်ရှိမှာဆိုရင် စစ်မှုထမ်းသင်တန်း အပတ်စဉ် (၉) အထိ ရောက်ရှိနေပါပြီ ဖြစ်ပါတယ်။
အခုသီတင်းပတ်အတွင်းမှာပဲ နိုင်ငံရေးပါတီတွေဟာ စစ်ကောင်စီနဲ့တွေ့ဆုံချိန် စစ်မှုထမ်းပိုမိုခေါ်ယူဖို့ တိုက်တွန်း ခဲ့ကြတယလို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ ဖော်ပြကြပါတယ်။
……………………………………..
သုံ့ပန်းနှစ်ဦးကို သတ်ဖြတ်မှု AA ဝန်ခံ
စစ်သုံ့ပန်းနှစ်ဦးကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တချို့ လည်လှီးသတ်ဖြတ်တဲ့အပေါ် AA က ဝန်ခံလိုက်ပါတယ်။
ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကို သတ်ဖြတ်နေတဲ့ ရုပ်သံမှတ်တမ်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့တာဖြစ်ပြီး ဒီဖြစ်စဉ်ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်က ကျောက်တော်မြို့နယ်မှာ ဖြစ်ခဲ့တာလို့ AA ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက သတင်းမီဒီယာတွေမှာ ပြောဆိုပါတယ်။
စစ်စည်းကမ်းချိုးဖောက်ပြီး လက်စားချေတဲ့ပုံစံမျိုးနဲ့ ကျူးလွန်ခဲ့ကြတာဖြစ်လို့ တပ်မှူးငယ်တချို့ အပါအဝင် ကျူးလွန် သူတွေကို အပြစ်ပေးအရေးယူထားတယ်လို့လည်း ဆိုပါတယ်။ ဒီလိုကျူးလွန်မှုအပေါ် လုံးဝလက်မခံဘူးလို့ ပြောဆိုပြီး ထပ်မံမဖြစ်ပွားစေရေးအတွက် လုပ်ဆောင်မယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ ကျူးလွန်သည် ဘယ်နှစ်ဦးနဲ့ ဘယ်လို အရေးယူထားတယ်ဆိုတာကိုတော့ AA ဘက်က ပြောဆိုထားတာ မတွေ့ရပါဘူး။
စစ်သုံ့ပန်းနှစ်ဦးကို ညှင်းပန်းနှိပ်စက်ပြီး တရားလက်လွတ်ကွက်မျက်တာဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားနေတဲ့အဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights က ထုတ်ပြန်ပြီးနောက်မှာ AA ဘက်က အခုလိုပြန်လည်ပြောဆိုလာတာပါ။ ရခိုင်မှာ AA ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) အနေနဲ့ စုံစမ်းစစ်ဆေးသင့်တယ်လို့လည်း Fortify Rights ရဲ့ ဇန်နဝါရီလ ၁၃ရက်က ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
……………………………………..
ဧရာဝတီဘက်ကို စစ်မီးကူးလာ၊ ချောင်းသာ ခရီးသွားလုပ်ငန်းရပ်
ရခိုင်နဲ့ ဧရာဝတီအစပ်မှာ တိုက်ပွဲတွေဖြစ်ပွားလာတာကြောင့် ချောင်းသာနဲ့ ရွှေသောင်ယံကမ်းခြေတွေမှာ ခရီးသွားလုပ်ငန်းတွေ ရပ်သွားပြီး ဒေသခံတွေ ယခုသီတင်းပတ်အတွင်း စစ်ဘေးရှောင်နေကြရပါတယ်။
ရခိုင်နဲ့ ဧရာဝတီအစပ် ပုသိမ်နဲ့ ရေကြည်မြို့နယ်ထဲမှာ အာရက္ခတပ်တော် (AA)၊ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ ကြား တိုက်ပွဲတွေဖြစ်ပွားနေတာပါ။ စစ်ကောင်စီကတော့ ကြည်း၊ ရေ၊ လေပူးပေါင်းခုခံနေပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ပုသိမ်မြို့နယ် ရွှေသောင်ယံမြို့နဲ့ ချေင်းတစ်ခုပဲ ခြားတဲ့ ဘောမိရွာမှာ နေအိမ်တွေရာနဲ့ချီ မီးလောင်ပျက်စီးတယ်လို့လည်း ပြည်တွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။
တိုက်ပွဲတွေကြောင့် ပုသိမ်၊ ရေကြည်၊ သာပေါင်းအပါအဝင် ဧရာဝတီတိုင်းထဲက မြို့နယ်ခုနစ်ခုကို ခရီးမသွားကြဖို့ ဗြိတိန်နိုင်ငံခြားရေးရုံးက သူတို့နိုင်ငံသားတွေကို သတိပေးချက် ထုတ်ထားပါတယ်။ စစ်ကောင်စီနဲ့ AA ကြားတိုက်ပွဲတွေဟာ ရခိုင်-ပဲခူးအစပ်၊ ရခိုင်-မကွေးအစပ်တွေမှာလည်း ဖြစ်ပွားနေပါတယ်။
……………………………………..
မြဝတီက ကျားဖြန့်လုပ်ငန်းတွေကို တရုတ် စစ်ဆင်ရေးလုပ်မယ်
အွန်လိုင်းငွေကြေးလိမ်လည်မှု ကျားဖြန့်လုပ်ငန်းနှိမ်နင်းရေး ‘ဇင်ယော်’ စစ်ဆင်ရေးကို တရုတ်ဟာ မြန်မာအပါအဝင် မဲခေါင်ဒေသနိုင်ငံတွေနဲ့ ပူးပေါင်းပြီး ဒုယတိလှိုင်းစတင်တော့မယ်လို့ ကြေညာလိုက်ပါတယ်။
ဒီလိုစစ်ဆင်ရေးလုပ်ဆောင်ရာမှာ မြဝတီခရိုင်ထဲက ကျားဖြန့်လုပ်ငန်းတွေ အဓိက ပါဝင်လာဖို့ ရှိနေပါတယ်။ ဇင်ယော် စစ်ဆင်ရေးကို မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံတွေနဲ့ ပထမလှိုင်း လုပ်ဆောင်ရာမှာ ကျားဖြန့်လုပ်သူ ခုနစ်သောင်းကျော်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မြဝတီခရိုင်ထဲ BGF ခေါင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူထိန်းချုပ်ထားတဲ့နယ်မြေထဲက ကျားဖြန့်တွေမှာ တရုတ်သရုပ်ဆောင် တွေပါ ခိုင်းစေခံရပြီးနောက်မှာတော့ ကျားဖြန့် နှိမ်နင်းရေးကို တရုတ်က ပိုမိုအာရုံစိုက်လာပါတယ်။ ဒါ့ကြောင့် ဗိုလ်မှူးကြီး စောချစ်သူဟာ တရုတ်ရဲ့နောက်ထပ် ပစ်မှတ်ဖြစ်လာဖွယ်ရှိတယ်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။
ထိုင်းတပ်မတော်ရဲ့ဗိုလ်ချုပ်ကြီးတစ်ဦးလည်း နေပြည်တော်မှာ စစ်ကောင်စီတပ်ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ လာရောက်တွေ့ဆုံပြီး ကျားဖြန့်နှိမ်နင်းရေးဆွေးနွေးခဲ့ပါတယ်။ မြန်မာစစ်ကောင်စီကတော့ မြဝတီမှာကျား ဖြန့်တွေလည်ပတ် ဖို့ လျှပ်စစ်မီး၊ အင်တာနက်၊ လက်နက်ခဲယမ်းအပါအဝင် အခြေခံလိုအပ်ချက်တွေကို အိမ်နီးချင်းနိုင်ငံကနေ ရနေတာလို့ သူတို့ ထိန်းချုပ်ထားတဲ့ သတင်းစာကနေတစ်ဆင့်အပြစ်တင်ခဲ့ပါတယ်။ ဒီပြောဆိုချက်အပေါ်ထိုင်းဒုဝန်ကြီးချုပ်က ပယ်ချခဲ့ပါတယ်။
BGF ဘက်ကတော့ ကျားဖြန့်နဲ့ပတ်သက်မှုကို ငြင်းပယ်ထားပြီး ကျားဖြန့်နှိမ်နင်းရေးမှာ နိုင်ငံတကာနဲ့ ပူးပေါင်းမယ်လို့ ထုတ်ပြန်ထားပါတယ်။ ကရင်အမျိုးသားအစည်းအရုံး KNU ကတော့ ကျားဖြန့်တွေအတွက် BGF နဲ့ ပြည်သူ့စစ်တွေက လုံခြုံရေးယူပေးထားတာလို့ ထုတ်ပြန်ထားပြီး ကျားဖြန့်လုပ်ငန်းတွေကို တရုတ်အပါအဝင် နိုင်ငံငါးနိုင်ငံနဲ့ ပူးပေါင်းနှိမ်နင်းလိုတယ်လို့လည်း တောင်းဆိုထားတာတွေ့ရပါတယ်။
……………………………………..
အဆိုတော် မာရဇ္ဇ ကွယ်လွန်
ကိုယ်ပိုင်သံစဉ်တွေနဲ့ ထင်ရှားကျော်ကြားခဲ့တဲ့ အဆိုတော် မာရဇ္ဇ ကျောက်ကပ်ရောဂါ ဝေဒနာနဲ့ အသက် ၅၈နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်။
ဇန်နဝါရီလ ၂၃ ရက် ညပိုင်းမှာ ရန်ကုန်မြို့က ဗဟိုရ်စည်ဆေးရုံမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ အဆိုတော် မာရဇ္ဇရဲ့ ပထမဆုံး တေးစီးရီး ကတော့ ပုံရိပ်မဲ့ ဂရပ်ဖစ်ဖြစ်ပြီး သူသီဆိုခဲ့ရဲ့ ဆွဲအား၊ အလွမ်းမိတ်ဆွေ၊ မျှော်လင့်ခြင်းလမင်း၊ ဆင်မြီးလက်စွပ်၊ ရွှေရောင်ကောင်းကင် အပါအဝင် တေးသီချင်းများစွာဟာ ပါးစပ်ဖျားမှာ ရေပန်းစားကျော်ကြားခဲ့ပါတယ်။
……………………………………..