ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ဒေသခံအချို့ ဖမ်းဆီးခေါ်ဆောင်ခံရကြောင်း ဒေသခံအချို့က ပြောသည်။
ဒီဇင်ဘာလ ၁၈ ရက် ညနေပိုင်းတွင် ပကာရီရဲကင်းစခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့် ရောက်ရှိလာပြီး နောက်တစ်ရက် နံနက်ပိုင်းကစပြီး တောလမ်းမှတစ်ဆင့် စစ်ကြောင်းထိုးကြောင်း ဒေသခံအချို့က ဆိုသည်။
ယင်းနောက် ဒီဇင်ဘာ ၂၂ ရက်က ပခပ်ရွာနှင့် ကင်ပွန်းချုံကျေးရွာဘက်တို့မှ ပစ်ခတ်သံအချို့ ကြားရကြောင်း ဒေသခံအချို့က ပြောဆိုသည်။
ပစ်ခတ်မှုအခြေအနေ အသေးစိတ်ကိုမူ မသိရသေးပေ။
တောလမ်းအတိုင်း စစ်ကြောင်းထိုးစဉ် ကွမ်းသီးခြံထဲအလုပ်လုပ်နေသည့် ပခပ်ရွာသား အသက် ၅၀ ကျော်အရွယ် ဦးဖစု၊ ဦးအောင်ကြိုင် (ကျင်) နှင့် ဘုတ်ပြင်ရွာက အမျိုးသားတစ်ဦးတို့ကို စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း ဒေသခံများက ဆိုသည်။
“တောလမ်းကနေ စစ်ကြောင်းထိုးသွားပြီး ခြံထဲမှာအလုပ်လုပ်နေတဲ့ ကျွန်တော်တို့ ပခပ်ရွာသား နှစ်ယောက်ကို ဖမ်းဆောင်သွားတယ်။ ဦးဖစုရဲ့ အမျိုးသမီးကိုတော့ ထားရစ်တယ်၊ သူ့အမျိုးသား ဦးဖစုကိုတော့ခေါ်ဆောင်သွားတယ်” ပခပ်ရွာက အမျိုးသားတစ်ဦးက ပြောသည်။
အရှေ့တောဒေသတွင် ဖုန်းလိုင်းဖြတ်တောက်ခံထားရသဖြင့် ဖမ်းဆီးခံရသူ သုံးဦးကိုသာ အတည်ပြုထားနိုင်သေးသည်။
စစ်ကြောင်းထိုးနေသဖြင့် ဘုတ်ပြင်၊ ဝကုန်း၊ ဘဝပင်၊ ကင်ပွန်းချုံ၊ ဓားသွေးကျောက်၊ တောင်သုံးလုံး၊ ရွှေချောင်းစသည့် ကျေးရွာများက ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအချို့က ဆိုသည်။
“စစ်ကြောင်းက တောင်သုံးလုံးကိုတော့ မရောက်လာသေးဘူး။ ကျွန်မတို့တော့ မနေ့ကပဲ ရွာကနေ မြို့ပေါ်တက်လာတာ။ ရွှေချောင်းရွာက မနေ့ကတည်းက ရွာမှာမရှိကြတော့ဘူး။ ရွာမှာဖုန်းလိုင်းတွေမရဘူး၊ ဖုန်းလိုင်းဖြတ်ထားတာကြာပြီ” ဟု တောင်သုံးလုံးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသည့် ဒီဇင်ဘာလ ၁၉ ရက်တွင် ကရင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့နှစ်ခုက အချင်းချင်းပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားနေသည်။
ဒီဇင်ဘာလ ၈ ရက်က KNLA တပ်ရင်း(၁၂) တပ်ခွဲ ၄က ဒုတပ်ခွဲမှူးစောဂျိုးကို KTLA တပ်ရင်း (၃) ဒုတပ်ရင်းမှူး ဗိုလ်ဒါးကေနှင့်အဖွဲ့က ပစ်ခတ်သတ်ဖြတ်လိုက်သဖြင့် KNU/KNLA က အရှေ့တောဒေသရှိ KTLA စခန်း ငါးခုကို ဒီဇင်ဘာလ ၁၉ရက်တွင် တိုက်ခိုက်သိမ်းယူခဲ့သည်။