မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသားတစ်ဦး သေဆုံးပြီး လေဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။
တဂေးချောင်းဖျားကျေးရွာဘက်သို့ စစ်ကောင်စီ အမှတ် ၆၀၂ တပ်ရင်းက လက်နက်ကြီးများဖြင့် ဒီဇင်ဘာလ ၂၁ ရက် နေ့လယ်ပိုင်းတွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
လက်နက်ကြီးကျည်တစ်လုံးသည် တဂေးချောင်းဖျားကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၈ နှစ်အရွယ် ဦးစံကွေး၊ အသက် ၄၀ နှစ်အရွယ် ဦးနေလင်းအောင်နှင့် အသက် ၁၅ နှစ်အရွယ် နော်ဖူးပွင့်ကျော်တို့ လက်နက်ကြီးကျည် ထိမှန် ဒဏ်ရာများရကြောင်း ဒေသခံများက ဆိုသည်။
“ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေတာကတော့ သူတို့ လုပ်နေကျဖြစ်နေတယ်။ တစ်နေရာရာမှာ ပစ်ခတ်မှု ဖြစ်ကြရင်လည်း ရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်တာ။ ဘာမှမဖြစ်ကြလည်း ပစ်ချင်သလို ပစ်နေကြတယ်။ ရွာထဲကျရင် လူထိတယ်၊ သေတာကလည်း ခဏခဏကြားနေရတယ်” ဟု ကျိုက်ထိုဒေသခံတစ်ဦးက ပြောသည်။
လက်နက်ကြီးထိမှန် ဒဏ်ရာရသူများမှာ ကျိုက်ထိုပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရပြီး ဒဏ်ရာပြင်းထန်သည့် ဦးစံကွေးကိုမူ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုနေကြောင်း ဒေသခံများထံမှ သိရသည်။
ဒီဇင်ဘာလ ၁၉ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ ဝင်းကလော့ကျေးရွာတွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကိုမျိုးလှိုင်ဝင်းနှင့် ဇနီးဖြစ်သူ မကြူကြူဝင်းတို့ ကျည်စထိမှန်ပြီး ကိုမျိုးလှိုင်ဝင်းသည် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်းဒေသခံများထံမှ သိရသည်။
လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့သည့် မကြူကြူဝင်းမှာ ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူ နေရကြောင်း ၎င်းတို့က ဆိုသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်းလည်း ဒေသခံများက ပြောဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၅ရက် ညကလည်း ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သက်ကြီးပိုင်း အမျိုးသမီးတစ်ဦး သေဆုံးကာ၊ ကလေးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။
သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီတပ်များအပါအဝင် ကျိုက်ထိုမြို့နယ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ရင်း တပ်စခန်းတို့က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လူနေကျေးရွာများထဲကို လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။