BREAKING
February 23, 2025

ပုလောတွင် စစ်ကောင်စီတပ် နေ့စဉ်နီးပါး ဒရုန်းဖြင့်တိုက်ခိုက်ပြီး အင်အားထပ်ဖြည့်

December 24, 2024

ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာအုပ်စုရှိ ကျေးရွာများကို စစ်ကောင်စီတပ်က နေ့စဉ်နီးပါး ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်နေပြီး စစ်အင်အားထပ်ဖြည့်ထား‌ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

တပိုကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည် တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒီဇင်ဘာလ ၁၆ရက်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် အနီးဝန်းကျင်ရှိ စက်တော်ရာ‌ရွာနှင့် ကြဲကျေးရွာသို့ ပြန်ဆုတ်သွားကြောင်း ၎င်းတို့က ပြောသည်။

ပြန်ဆုတ်သွားသည့်စစ်ကောင်စီတပ်သားများက စက်တော်ရာကျေးရွာ ရေလယ်စခန်းအနီးစခန်းချထားပြီး တပိုကျေးရွာနှင့် ဇရပ်ဆိပ်ကျေးရွာကို ဒီဇင်ဘာ ၂၀ရက်မှစကာ ဒရုန်းဖြင့်နေ့စဉ်နီးပါး ဗုံးချတိုက်ခိုက်နေကြောင်း တပိုကျေးရွာနေ ဒေသခံတစ်ဦးက ပြောဆိုသည်။

“တစ်နေ့ကို သုံးကြိမ်လောက် (ဒရုန်း) ဗုံးချတယ်။ တစ်ခါချရင် နှစ်လုံးဆက်တိုက်ချတယ်။ ရွာထဲက အိမ်တွေပေါ်ကို ကျရောက်ပေါက်ကွဲနေတာပါ” ဟု အဆိုပါဒေသခံက ပြောသည်။

ထိုကဲ့သို့ နေ့စဉ်နီးပါးဗုံးချတိုက်‌ခိုက်နေသဖြင့် ကျေးရွာအတွင်းနေထိုင်၍ မရတော့ဘဲ ထွက်ပြေးတိမ်းရှောင် နေရသည့်အတွက် ပျက်စီးမှုအခြေအနေကို မသိရသေးကြောင်း ဒေသခံအချို့က ဆိုသည်။

စစ်ကောင်စီတပ်သားများက တော်လှန်ရေးအဖွဲ့များ ရှိနိုင်သည်ဟု ၎င်းတို့ယူဆသည့်နေရာများကို ရမ်းသမ်း၍ ဗုံးချနေသဖြင့် ပြည်သူနေအိမ်များပေါ် ကျရောက်ပေါက်ကွဲနေကြောင်း တော်လှန်ရေးအဖွဲဝင်တစ်ဦးက ပြောဆိုသည်။

“စစ်တပ်က ဒရုန်းနဲ့ နေ့တိုင်းနီးပါး ဗုံးချတိုက်ခိုက်တယ်။ ကျွန်တော်တို့ဘက်ကလည်း ဒရုန်းနဲ့ပဲ ပြန်လည်တိုက်ခိုက် နေတာပါ။ သူတို့ဘက်က အင်အားတွေလည်း တိုးချဲ့နေတယ်လို့သိရတယ်” ဟု ၎င်းက ပြောသည်။

ဒီဇင်ဘာလ ၂၂ ရက်က စစ်ကောင်စီတပ်သား ၇၀ ခန့်ကို သဲပုံကျေးရွာရှိ စစ်ကောင်စီတပ်ရင်းသို့ မြိတ်မြို့ဘက်မှ ကားဖြင့်လာရောက်ပို့ဆောင်ကာ အင်အားဖြည့်တင်းထားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ဆိုသည်။

နောက်တစ်ရက်တွင် ကျောက်က္ကာကျေးရွာ‌ ရေပြင်အနီး‌ ရောက်ရှိနေသည့် စစ်‌သင်္ဘော‌က ဇရပ်ဆိပ်ကျေးရွာအုပ်စု ကျောက်ကမ်းဖဲရွာအနီးဝန်းကျင်ကို လက်နက်ကြီးဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်က လူနေကျေးရွာများအတွင်းသို့ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခြင်းကို ပိုမိုလုပ်ဆောင်လာကြောင်း တနင်္သာရီတိုင်းအတွင်း စစ်ရေး၊နိုင်ငံရေး၊ လူမှုစီးပွားဘဝများကို မှတ်တမ်းတင်စောင့်ကြည့်နေသည့် FE5 Tanintaryi ၏ နိုဝင်ဘာလအစီရင်ခံစာတွင် ဖော်ပြထားသည်။