BREAKING
February 24, 2025

စစ်ကြောင်းကြောင့် ခွေးမဖောရွာတွင် ပိတ်မိသည့်အဘွားတစ်ဦး အချိန်မီဆေးကုခွင့်မရဘဲ ကွယ်လွန်

December 24, 2024

ရေဖြူမြို့နယ်၊ ခွေးမဖောရွာကို စစ်ကြောင်းဝင်သောကြောင့် ပိတ်မိခဲ့သည့် အသက် ၇၀ကျော်အရွယ် အဘွားတစ်ဦး အချိန်မီဆေးကုသခွင့်ရဘဲ ကွယ်လွန်သွားကြောင်း နီးစပ်သူတို့ထံမှ သိရသည်။

စစ်ကြောင်းစဝင်သည့် ဒီဇင်ဘာလ ၁၈ရက် ကတည်းက အဆိုပါအဘွားသည် ကျန်းမာရေးအခြေအနေအရေးပေါ် ဖြစ်ခဲ့ကာ ဆေးရုံသို့ အချိန်မီ မပို့ဆောင်နိုင်ဘဲ ခြောက်ရက်အကြာတွင် ပိတ်မိခဲ့ကြောင်း နီးစပ်သူတို့က ပြောသည်။

စစ်ကြောင်းသည် ဒီဇင်ဘာလ ၁၉ရက်တွင် ခွေးမဖောရွာက ထွက်သွားသော်လည်း အနီးရှိ ဇာဒီရွာတွင် ရှိနေသဖြင့် ရွာသားများ ရွာထဲသို့ မဝင်ရဲ၊ မထွက်ရဲဖြစ်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

ဒီဇင်ဘာလ ၂၃ ရက်တွင် ဇာဒီရွာမှ စစ်ကြောင်းထွက်သွားပြီးနောက် အဘွားကို ဆွေမျိုးနီးစပ်သူများ၏ ကူညီပို့ဆောင်ပေးမှုဖြင့် ဆေးရုံတင်ရန် ကံပေါက်သို့ ခေါ်ဆောင်လာခဲ့ပြီး ယင်းနေ့ ဒီဇင်ဘာလ ၂၃ ရက် နေ့လယ်ပိုင်းတွင် ကွယ်လွန်သွားကြောင်း ၎င်းတို့က ဆိုသည်။

“ရောဂါက ၉၆ပါး (လူကြီးရောဂါ) ပါပဲ။ စစ်ကြောင်းဝင်ချိန်နဲ့ အရေးပေါ်ဖြစ်ချိန် အတူတူဖြစ်သွားတော့ ပိတ်မိနေခဲ့တာ။ ပိတ်မိနေရင်း သေသွားပြီလို့တောင် သတင်းအကြိမ်ကြိမ်ထွက်ခဲ့သေးတယ်” ဟု ခွေးမဖောရွာသားတစ်ဦးက ပြောသည် ။

အဆိုပါအဘွား၏ စျာပနကို ကံပေါက်တွင် ယနေ့ ပြုလုပ်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီစစ်ကြောင်းသည် ဇာဒီအုပ်စု ခေါင်ပြန်ရွာသို့ ရောက်ရှိနေပြီး ယမန်နေ့ နေ့လယ်ပိုင်းအထိ ပစ်ခတ်သံများ ကြားနေရဆဲဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။

စစ်ကောင်စီစစ်ကြောင်းက ဖမ်းထားသည့် ခွေးမဖောရွာသားနှစ်ဦးအနက် တစ်ဦး၏ အလောင်းကို ဒီဇင်ဘာလ ၂၃ရက်က ရွာသုသာန်အနီးပြန်တွေ့ခဲ့ပြီး ကျန်တစ်ဦးမှာ သတင်းအဆက်အသွယ်ပြတ်တောက်နေဆဲ ဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။