BREAKING
December 25, 2024

ရေဖြူတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီ ကြည်း၊ ရေ နှစ်ဖက်ညှပ်ပစ်

December 24, 2024

ပုံစာ - ဒီဇင်ဘာလ ၂၁ ရက် နေ့လယ်ပိုင်းက ဇာဒီရွာအတွင်း မှ မီးခိုးများထွက်နေသည်ကို လှမ်းမြင်ရစဥ်။

ရေဖြူမြို့နယ် ကံပေါက်တိုက်နယ်၊ ဇာဒီရွာနှင့် ခေါင်ပြန်ရွာကြားတွင် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီဘက်က ကြည်း၊ ရေ နှစ်ဖက်ညှပ်ပစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဇာဒီရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီစစ်ကြောင်းသည် ဒီဇင်ဘာလ ၂၃ ရက်က ခေါင်ပြန်ရွာဘက်သို့ လာစဉ် နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားချိန်တွင် စစ်ကောင်စီဘက်က ရေတပ်သင်္ဘောနှင့် ခလရ ၂၇၃၊ မောရဝတီ ရေတပ်များဘက်က ကုန်းကြောင်း၊ ရေကြောင်းတို့က နာရီဝက်ခန့်ကြာ နှစ်ဖက်ညှပ်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားအချို့ ခေါင်ပြန်ရွာဘက်သို့ စစ်ကြောင်းထပ်မံထိုးခဲ့ကြောင်း တိမ်းရှောင်နေရသည့် ခေါင်ပြန်ရွာသားများက ပြောသည် ။

ဒီဇင်ဘာလ ၂၃ ရက် ညပိုင်းတွင် ဇာဒီရွာအတွင်း မြေတူးစက်များဖြင့် တူးနေသည့် အသံများလည်း ကြားရကြောင်း စစ်ရှောင်ရွာသားများက ဆိုသည် ။

“လမ်းကို တူးတာလား၊ အိမ်ကိုဖြိုတာလားတော့ မသိဘူး။ စက်သံတော့ ညက ရွာထဲမှာကြားနေရတယ်” ဟု ဇာဒီရွာသားတစ်ဦးက ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၂၄ ရက် နေ့လယ်ပိုင်းတွင်မူ ဇာဒီရွာအတွင်းမှ မီးခိုးများထပ်မံထွက်လာသည်ကို တွေ့ရကြောင်း မျက်မြင်တွေ့ရသည့် ဒေသခံများကဆိုသည်။

စစ်ကြောင်းတပ်စွဲထားဆဲဖြစ်သဖြင့် ရွာသားများတိမ်းရှောင်နေရ၍ မီးလောင်ပျက်စီးသည့် နေအိမ်နှင့် ဖျက်ဆီးခံရသည့် နေအိမ် အရေအတွက်ကိုမူ အတည်မပြုနိုင်သေးပေ ။

ဖမ်းဆီးခံထားရသည့် ရွာသားများသည် လွှတ်ပေးလိုက်သူများရှိသလို ထွက်ပြေးလွတ်မြောက်သူများလည်း ရှိသဖြင့် အားလုံးနီးပါး လွတ်သွားပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည် ။

ဒီဇင်ဘာလ ၁၇ ရက် ရေကန်တောင်ရှိ စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ စစ်ကြောင်းသည် ဇာဒီအုပ်စုကို ဒီဇင်ဘာလ ၁၈ ရက်ကစ၍ ယနေ့အထိ ရက်သတ္တပတ်ကြာ စစ်ကြောင်းထိုးနေဆဲဖြစ်သည်။