Dawei Watch က စုံစမ်းဖော်ထုတ်သည်။
ဓနိမိုး၊ ဓနိကာ၊ ဝါးခင်းတဲလေးထဲတွင် အစီအရီရပ်နေသည့် အသက် ၁၀ နှစ်ဝန်းကျင် မိန်းကလေး ၅ ယောက်၊ အငယ်ဆုံးကလေးမလေးက အသက် ၇ နှစ်ဝန်းကျင်ခန့်သာရှိသေးသည်။
မျက်နှာတွင် အားငယ်မှု၊ ကြောက်ရွံ့စိုးထိတ်မှုတို့ အထင်းသား၊ ခန္ဓာကိုယ်အနှံ့တွင်လည်း နှိပ်စက်ခံထားရသည့် ဒဏ်ရာများ ဦးခေါင်းတွင်လည်း ဆံပင်အပြောင်ရိတ်ထားသဖြင့် ပြန်ထွက်ခါစ ဆံပင်ငုတ်တိုလေးများဖြင့် ငေးငိုင်နေကြသည်။
သူ့တို့ကတော့ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ထဲက လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာတွင် နေထိုင်ကြသူများဖြစ်ပြီး ဆင်းရဲသဖြင့် ရန်ကုန်က သီလရှင်တစ်ပါးက စာသင်ပေးမည်ဆိုကာ ခေါ်ဆောင်သွားခံရသူများဖြစ်သည်။
သီလရှင်ကြီး ခေါ်သွားပြီး တစ်နှစ်ကျော်အကြာတွင်တော့ စာသင်ကြားခွင့်မရသည့်အပြင် နှိပ်စက်ခံထားရသည့် ဒဏ်ရာများ၊ စိတ်ဒဏ်ရာများဖြင့် ရွာသို့ပြန်ရောက်လာကြသည်။
ကလေးငယ်များကျွန်ပြု နှိပ်စက်ခံရမှုများ ကြုံတွေ့ခဲ့ရသည်ကို တစ်နှစ်ကျော်အကြာတွင်မှ သိခွင့်ရခဲ့သည်။
သို့သော်စစ်အာဏာရှင်အောက်တွင် တရားဥပဒေစိုးမိုးမှု မရှိသည့် အခြေအနေကြောင့် အမှန်တရားက ပေါ်ထွက်မလာ။ ပြစ်မှုကျူးလွန်သူက အရေးယူမခံရသည့်အပြင် ကလေးမိဘများပင် ခြိမ်းခြောက်ခံထားရသည်။
ယင်းအခြေအနေကို Dawei Watch က သိရှိခဲ့ရာမှ မေးမြန်းဖော်ထုတ်နိုင်ခဲ့သည်။
ကနဦးတွင်တော့ သီလရှင်ကြီး၏ ခြိမ်းခြောက်ခံထားရသည့် ကလေးအုပ်ထိန်းသူများက Dawei Watch ကိုဖြေဆိုရန် ကြောက်ရွံ့နေသော်လည်း နောက်ပိုင်းတွင်တော့ ကလေးငယ်များအတွက် အမှန်တရားပေါ်ပေါက်ရန် ဖြေဆိုမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။
သားကောင်ရှာသူ
၂ဝ၂၃ ဇွန်လဆန်းတွင် ထားဝယ်ဇာတိ သီလရှင်ဆရာကြီး ဒေါ်နန္ဒထေရီဆိုသူ မောင်းမကန် ရွာသို့ရောက်လာသည်။
သူတည်ထောင်ထားသည့် အေးရိပ်မြိုင်တွင် မျိုးဆက်သစ်သီလရှင်လေးများကို သာသနာအတွက် အထောက်ပံ့ရရန် မွေးထုတ်မည်၊ ဗုဒ္ဓစာပေများကို သင်ကြားပေးမည်ဟုသူကဆိုသည်။
ဒေသခံဦးပဉ္စင်းတစ်ပါး အကူအညီဖြင့် ဆရာကြီး ဒေါ်နန္ဒထေရီမှာ မလရိပ်ဖြူတို့ထံ ရောက်လာခဲ့ခြင်းဖြစ်သည်။
မလရိပ်ဖြူတို့မှာ ငွေကြေးချို့တဲ့သည့် မိသားစုများဖြစ်ပြီး ယင်းကိုသိသည့် သီလရှင်ဆရာကြီးက ရည်ရွယ်ချက်ရှိရှိဖြင့် ချည်းကပ်လာခဲ့ခြင်းဖြစ်သော်လည်း ရိုးသားသည့် ကျေးလက်နေသူများကတော့ သတိမထားမိကြပေ။
သီလရှင်ဆရာကြီး စရောက်လာသည့် အိမ်က မလရိပ်ဖြူတို့အိမ်တော့မဟုတ်။ သူ၏ ညီအစ်မ ဝမ်းကွဲများထံ ရောက်လာခြင်းဖြစ်သည်။ ၎င်းဝမ်းကွဲညီအစ်မများ၏ အမေမှာ စိတ်ဝေဒနာ ခံစားနေရပြီး ဖခင်ကလည်း အရက်ကျွံဖြစ်နေသဖြင့် အလွန်ခက်ခဲကျပ်တည်းသည့် မိသားစုများဖြစ်သည်။
ယင်းမိသားစုတွင် အသက် ၁၁ နှစ်အရွယ် မအေးမြတ်မိုး၊ အသက် ၉ နှစ်အရွယ် မအေးမြတ်သူနှင့် အသက် ၈ နှစ်အရွယ် မဇင်မာခင် တို့ ညီအစ်မ သုံးဦးရှိပြီး သီလရှင်ဆရာကြီး၏ အပြောကောင်းမှုကြောင့် စိတ်ဝေဒနာသည် မိခင်နှင့် ညီအစ်မ သုံး ဦးစလုံး ရန်ကုန်လိုက်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။
သီလရှင်ဆရာကြီးအတွက်က ရေငတ်သူ ရေတွင်းထဲကျဆိုသလိုပင် ဒေသခံများ၏ ရိုးအမှုကို အခွင့်ကောင်းယူကာ သားကောင်များ ထပ်ရရေးပစ်မှတ်ထားလာသည်။
စိတ်ကျန်းမာရေး ချို့တဲ့သည့် မိခင်နှင့် လူမမယ်ကလေးငယ် သုံး ဦးကို ရန်ကုန်ခေါ်သွားအပြီး ရက်ပိုင်းအကြာတွင် ယင်းမောင်းမကန်ရွာကို ထပ်မံရောက်လာပြန်သည်။
ယခုအခါတွင်တော့ မလရိပ်ဖြူတို့ အိမ်သို့ရောက်လာပြီး အမေဖြစ်သူ ဒေါ်အေးကို အယုံသွင်းကာ မလရိပ်ဖြူနှင့် အခြားညီမ ဝမ်းကွဲတစ်ဦးကို ရန်ကုန်သို့ ခေါ်ဆောင်သွားပြန်သည်။
သီလရှင် ဆရာကြီးကို ယုံစားမိသည့် ဒေါ် အေးကတော့ သူ့သမီး မလရိပ်ဖြူ၊ အစ်ကိုဖြစ်သူ၏ သမီးသုံးယောက်နှင့်အတူ သူငယ်ချင်းဖြစ်သူ၏ သမီးနှစ်ဦးကိုပါ သီလရှင်ဆရာကြီး လက်ကိုအပ်လိုက် မိသလိုဖြစ်သွားခဲ့သည်။
ပူလောင်မှုအစ အေးရိပ်မြိုင်က
ရန်ကုန်တိုင်း ထန်းတပင်မြို့နယ် အစုကြီးကျေးရွာအစု သာယာအေးရွာတွင် တစ်ဧကကျော်ကျော် မြေကွက်ပေါ်တွင် ဝါးကျောင်းလေး တစ်ဆောင်ရှိပြီး အေးရိပ်မြိုင်ဟု အမည်တပ်ထားသည်။
ယင်းကျောင်းကို သီလရှင်ဆရာကြီး ဒေါ်နန္ဒထေရီက ၂ဝ၂၃ ခုနှစ်တွင် စတည်ထောင်ခဲ့ပြီး မယ်တော်ဖြစ်သူနှင့် ညီမတော်စပ်သူ အပါအဝင် သုံးဦးနေထိုင်ခြင်းဖြစ်သည်။
“အဲဒီကျောင်းက ဗွက်ထဲမှာ တည်ထောင်ထားတာ ဘေးပတ်ဝန်းကျင်မှာ လူနေအိမ် နှစ်ဆောင်သုံးဆောင်ပဲရှိတယ်”ဟု သီလရှင်ဆရာကြီးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
မလရိပ်ဖြူတို့ ညီအစ်မအပါအဝင် ကလေး ၆ ယောက်နှင့် စိတ်ဝေဒနာသည်ကို သီလရှင်ဆရာကြီးက အေးရိပ်မြိုင်သို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
ရောက်ပြီး သိပ်မကြာခင်တွင် စိတ်မနှံ့သည့် မအေဖြစ်သူကို အိမ်အကူလုပ်ရန်ဆိုကာ သီလရှင်ဆရာကြီးက ရန်ကုန်ရှိ အိမ်တစ်အိမ်သို့ ပို့ဆောင်လိုက်သည်။
ကလေးငယ်များကိုမူ ပညာသင်ပေးမည် သာသနာ့တာဝန် ထမ်းဆောင်စေမည်ဆိုကာ အယုံသွင်းခေါ်လာခဲ့သော်လည်း လက်တွေ့တွင် ကျွန်ပြုခိုင်းစေရန်အတွက် စတင်လုပ်ဆောင်ခဲ့ကြောင်း ကလေးငယ်များ၏ ပြန်ပြောပြမှုများအရ တွေ့ရသည်။
“အလှူခံဆုပေးလောက်ပဲ (စာ) အော်ကျက်ခဲ့ရတယ်။ စာရေးတတ်အောင်လည်း မသင်ပေးဘူး။ စာဖတ်တတ်အောင်လည်း မသင်ပေးဘူး” ဟု မလရိပ်ဖြူက ပြောသည်။
တစ်ပတ်သုံးရက် ဆွမ်းခံထွက်ရပြီး အလှူခံရရှိသမျှ သီလရှင်ဆရာကြီးက အပိုင်စီးကြောင်း သူကဆိုသည်။
လမ်းမလျှောက်နိုင်ပါက နောက်မှနေ၍ ကျောကုန်းကို တွယ်ချိတ်ဖြင့်ထိုးသဖြင့် သီလရှင်လေးများ၏ ကျောတွင် တွယ်ချိတ်ဖြင့်ထိုးထားသော အပေါက်ရာကလေးများကို မြင်တွေ့ခဲ့ရသည်။
“အလှူခံရလာသမျှ အကုန်ပေးရတယ်။ ကျွန်မကိုသာ သူရဲ့ လက်ထောက်လို့ သတ်မှတ်ပြီး တစ်ပတ် ၃ဝဝဝ သုံးခွင့်ရတယ်။ ကျန်တဲ့ အငယ်တွေကတော ရတဲ့အခါ ၁၅ဝဝ လောက်ရတယ်။ မရတဲ့ အခါက များပါတယ်” ဟု အသက် ၁၁နှစ်အရွယ် မလရိပ်ဖြူက ပြောသည်။
ကျွန်ပြုခိုင်းစေခြင်း
ယင်းသို့ အလှူခံထွက်ပြီး ပိုက်ဆံရှာပေးရသည့်အပြင် သီလရှင်ကြီးနှင့် မိသားစု၏ ဝေရာဝစ္စများကိုလည်း နေ့စဉ်ပြုလုပ် ပေးကြရကြောင်း၊ ယင်းအပြင် သီလရှင်ဆရာကြီးနှင့် ညီမဖြစ်သူတို့၏ နှိပ်စက်မှုကိုလည်း နေ့စဉ်နီးပါး ကြုံတွေ့ရကြောင်း ကလေးငယ်များကဆိုသည်။
မီးဖိုပေါ်ကချခါစ ဟင်းအိုးဖြင့် ပစ်ပေါက်ခြင်း၊ ဝါးရင်းတုတ်ဖြင့် ခေါင်းကွဲအောင် ရိုက်ခွဲခြင်း၊ ကလေးများကို မပြီး ကျောင်းပေါ်မှ ပစ်ချခြင်း စသဖြင့် စိတ်မထင်လျှင် မထင်သလို ရိုက်နှက်လေ့ရှိကြောင်း ကလေးများ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကိုပြရင်း မလရိပ်ဖြူက ရှင်းပြသည်။
အေးရိပ်မြိုင် သီလရှင်စာသင်တိုက် တည်ထောင်ထားသောနေရာသည် ရေရှားသည့် နေရာဒေသတစ်ခုဖြစ်သည့်အတွက် ဘုံရေကန်မှ ရေကို ကလေးများက သွားခပ်ကြရသည်။
“ည ၁၀ နာရီဆိုလည်း ရေထခပ်ရတယ်။ မိုးတွေ လျှပ်စီးတွေ လက်နေချိန်ဆိုလည်း ကြောက်ကြောက် နဲ့ ဆင်းခပ်ရတာပဲ။ ကြောက်လို့ မသွားဘူးဆိုရင် ကျောင်းပေါ်က ချီပြီးပစ်ချတာ” ဟု သီလရှင် ဆရာလေးတစ်ဦးက ပြောသည်။
သွေးစိမ်းရှင်ရှင်ထွက်နေသည့် ညီမငယ်များ၏ဒဏ်ရာကို ဆေးလိမ်းပေးခြင်း၊ ဟင်းရေပူလောင်ထားသည့် ညီမငယ်၏ ကိုယ်ပေါ်က အရည်ကြည်ဖုများကို ဆေးထည့်ပေးခြင်းတို့ လုပ်ဆောင်ပေးခဲ့ရကြောင်း မလရိပ်ဖြူက ဆိုသည်။
“ဆေးခန်းမပြပေးဘူး။ ဆေးဝယ်ပေးတယ်။ သမီးတို့ဘာသာ သမီးတို့ထည့်ပေးရတယ်။ အဖျားဝင်တဲ့ သူကိုကျတော့ သေသေလို့ ကျိန်ဆဲတယ်” ဟု ၎င်းကပြောသည်။
ယင်းအပြင်ညနေစာကို သီလရှင်ခြောက်ပါး အနက် သုံးပါးလျှင် တစ်ပန်းကန်သာကျွေးပြီး ညနေ ၅ နာရီမှ မနက် ၆နာရီအထိ သောက်ရေပင် သောက်ခွင့်မပေးကြောင်း၊ ညဘက်ရေဆာပါက အရိုက်ခံပြီး ခိုးသောက်ခဲ့ကြရကြောင်း ကလေးများကဆိုသည်။
ယင်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး Dawei Watch က သီလရှင်ဆရာကြီး ဒေါ်နန္ဒထေရီထံ အကြိမ်ကြိမ် ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေဆိုခြင်း မရှိပေ။
နောက်ပိုင်းတွင် ဖုန်းကို စက်ပိတ်သွားခဲ့ပြီး လူမှုကွန်ရက် (Facebook) အကောင့်ကိုပါ ပိတ်သွားခဲ့သည်။
သို့သော် Dawei Watch က ဓာတ်ပုံအထောက်အထားများအပြင် သီလရှင်ဆရာကြီးက ကလေးအုပ်ထိန်းသူများကို ဆေးကုသရန် စရိတ်ပေးပြီး အမှုမဖွင့်ရန်နှင့် မည်သူ့ကိုမျှ မပြောရန် နှုတ်ပိတ်သည့်အနေဖြင့် စာချုပ်ချုပ်ဆိုထားခဲ့ရာ ယင်းမှတ်တမ်းများကိုလည်း ရရှိခဲ့သည်။
ထွက်ပြေးရာက အမှုပေါ်
နိုဝင်ဘာလ ၁၅ ရက်တွင် ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်ရှိ၊ အေးရိပ်မြိုင်စာသင်တိုက်မှ သီလရှင်ဆရာကလေး သုံးဦးပျောက်ဆုံးသည့် သတင်းပျံ့နှံ့လာသည်။
သုံးဦးထဲကတစ်ဦးကို အမျိုးသမီးတစ်ဦးက ကားပေါ်တင်ခေါ်သွားသည်ဆိုသည့် သတင်းများမှာလည်း ပြည်တွင်းသတင်းဌာနများတွင် ပျံ့နှံ့ခဲ့သည်။
သီလရှင်သုံးပါးအနက် နှစ်ပါးကို ညနေပိုင်းတွင် ပြန်တွေ့ခဲ့သော်လည်း မရူပသိင်္ဂီ ခေါ် မလရိပ်ဖြူမှာ ပျောက်ဆုံးနေဆဲပင်ဖြစ်သည်။
သီလရှင်ဆရာလေး မရူပသိင်္ဂီ ပျောက်သွားပြီးနောက် ၁၅ ရက်အကြာ နိုဝင်ဘာ ၂၉ ရက်တွင် သီလရှင်ဆရာလေးကို ရှာတွေ့သူအား ကျပ်သိန်း ၅၀ ဆုချမည်အကြောင်း အေးရိပ်မြိုင်ကျောင်းက ရန်ကုန်မြို့၏လူစည်ကားရာ လမ်းဆုံလမ်းခွများတွင် ကြေညာခဲ့သည်။
ယင်းသတင်းကို Dawei Watch က ဆက်လက်စုံစမ်းရာမှ သီလရှင်လေးများကို ခေါ်သွားခြင်းမျိုးမဟုတ်ဘဲ နှိပ်စက်ခံရသည့် သီလရှင်လေးများက အကူအညီတောင်းကာ ထွက်ပြေးကြခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။
“အဲဒီနေ့က အလှူခံကပြန်တော့ ဟင်းရွက်သုံးစည်းပဲရတယ်။ ကျောင်းပြန်ရင်လည်း အရိုက်ခံရမှာ ကြောက်တယ်။ ဒါကြောင့် ကျွန်မကိုယ်တိုင် အကူအညီတောင်းပြီး လိုက်သွားတာ တို့ဆေးနဲ့ တို့တာလည်း မဟုတ်ဘူး”ဟု မလရိပ်ဖြူက ပြောသည်။
နှုတ်ပိတ်ဖို့ကြိုးစား
သီလရှင်ဆရာလေး မရူပသိင်္ဂီ (မလရိပ်ဖြူ) ကို ခေါ် ဆောင်သွားသည့် ရန်ကုန်တိုင်း လှိုင်မြို့ နယ်တွင် နေထိုင်သည့် အမျိုးသမီးက ဒီဇင်ဘာလ ၅ ရက်တွင် သီလရှင်၏ အုပ်ထိန်းသူများကို ဆက်သွယ်ပြီး ပြန်လည်အပ်နှံခဲ့ခြင်းဖြစ်သည်။
ယင်းအချိန်တွင်မှ ကလေးများကို ကျွန်ပြုနှိပ်စက်နေသည့် ဖြစ်စဉ်များ ပေါ်ပေါက်လာခြင်းဖြစ်သည်။
“ကျွန်မကိုပြန်တွေ့တော့ သူ(သီလရှင်ကြီး)တောင်းပန်တယ်။ ကျွန်မအဒေါ်တွေ မိဘတွေရှေ့မှာ နောက်ဒီလို မနှိပ်စက်တော့ဘူးဆိုပြီးပြောတယ်။ သူ့ကိုအားလုံးခွင့်လွှတ်ပေးဖို့ တောင်းပန်တယ်။ ကျွန်မကိုဖက်ပြီး ဓါတ်ပုံရိုက်ပြီး တွေ့တွေ့ချင်းနေမှာပဲ လိုင်းပေါ်တင်တယ်။ အဲဒါ သူစိတ်ရင်းအမှန်မဟုတ်ဘူး၊ သူဟန်ဆောင်နေတာ”ဟု မလရိပ်ဖြူက ပြောသည်။
သီလရှင်ဆရာကြီးက ကလေးများကို နှိပ်စက်တောင်းရမ်းခိုင်းသည့် အခြေအနေကို သိရှိသွားသည့် အုပ်ထိန်းသူများက ၎င်းတို့၏ ကလေးများကို ပြန်လည်ခေါ်ယူရန် ကြိုးစားခဲ့ကြသည်။
ယင်းကြောင့် သီလရှင် ဆရာကြီးက လူပျောက်ကြော်ငြာထားသည့် ကျပ်သိန်း ၅ဝ ကို အသုံးပြုကာ ၎င်းကျူးလွန်ခဲ့သည့် ကျွန်ပြုနှိပ်စက်မှုများကို ဖုံးဖိရန်ကြိုးစားလာသည်။
ကလေးများ ဆေးကုသရန်ဆိုကာ ကျပ်သိန်း ၅၀ ကို အုပ်ထိန်းသူများကို ပေးလိုက်ပြီး ဖြစ်စဉ်များကို ပြန်ပြောခြင်း၊ အမှုဖွင့်ခြင်းများ မလုပ်ရန် စာချုပ်တွင် လက်မှတ်ထိုးခိုင်းကာ ခြိမ်းခြောက်အကျပ်ကိုင်ခဲ့သည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး သူနှင့်မဆိုင်တော့ဘဲ မိဘအုပ်ထိန်းသူများနှင့်သာ သက်ဆိုင်ကြောင်းကို ရှေ့နေနှင့် အသိသက်သေဆိုသူများရှေ့တွင် စာချုပ်လက်မှတ်ထိုးစေခဲ့ကြောင်း ၎င်းကပြောသည်။
“သူတို့ကတော့ ကျွန်မကိုပြောတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သူကို သိက္ခာကျအောင်လုပ်တာ တိုင်တာ တောတာတွေလုပ်ရင် ဒီစာချုပ်အရ တရားပြန်စွဲပြီး ထောင်ချပစ်လို့ရတယ်ဆိုပြီးပြောတယ်။ ကျွန်မလည်း နည်းနည်းလေးမှ မကျေနပ်ဘူး။ ပိုက်ဆံ ယူလာတယ်ဆိုတာ ကျွန်မ ဆေးကုစရိတ်မတတ်နိုင်လို့ လက်နှစ်ချောင်းတောင် ရိုက်ချိုးထားတာ သူတို့အမေ မရှိတော့ ကျွန်မ မကြည့်ရင် ကြည့်ဖို့လူမရှိဘူး” ဟု မလရိပ်ဖြူ၏ အဒေါ်ဖြစ်သူဒေါ် အေးကပြောသည်။
Dawei Watch ကလည်း ယင်းစာချုပ်ကို ရရှိခဲ့ပြီး စာချုပ်တွင် ဖော်ပြထားချက်များတွင် အောက်ပါအချက်များ ပါဝင်ကြောင်း တွေ့ရှိခဲ့ရသည်။
အေးရိပ်မြိုင်ကျောင်းတိုက်တွင် သာသနာပြုလုပ်ငန်းများဆောင်ရွက်ရန် ၎င်းတို့သားသမီး ခြောက်ဦးကို အုပ်ထိန်းသူ မိဘများနှင့် ကလေးများ၏ သဘောဆန္ဒအရ အပ်နှံခဲ့ကြောင်း၊ သီလရှင်ဆရာလေးများ၏ ကျန်းမာရေးချို့တဲ့သည့်အတွက် ယခုအခါတွင် ၎င်းဆရာလေး ငါးပါးစလုံး လူ့ဘောင်လောကသို့ မိမိတို့သဘောဆန္ဒအရ ထွက်သွားခဲ့ကြောင်း ရေးသားထားသည်။
သီလရှင်တစ်ပါးမှာ ရန်ကုန်ရောက်ပြီး များမကြာမီ လူထွက်သွားသဖြင့် ၅ ပါးသာကျန်ခဲ့ခြင်းဖြစ်သည်။
အုပ်ထိန်းသူများက စီးပွားရေးအဆင်မပြေ၍လည်းကောင်း အခက်အခဲများ ကြုံတွေ့နေရသည့် အတွက် ဆရာလေးနန္ဒထေရီမှ လူမှုရေးအရလည်းကောင်း၊ ဆေးကုသစရိတ်အနေဖြင့် ထောက်ပံ့ရန်တောင်းခံလာသဖြင့် ငွေကျပ် သိန်း ၅၀ ကူညီပေးအပ်ရန် ဆုံးဖြတ်ခဲ့သည်ဟုလည်းပါရှိသည်။
ဒေါ်နန္ဒထေရီ၏ ဂုဏ်သိက္ခာညှိုးနွမ်းအောင်သော်လည်းကောင်း၊ နောက်ထပ်ငွေကြေး တစ်စုံတစ်ရာတောင်းခံခြင်းများ လုံးဝပြုလုပ်တော့မည် မဟုတ်ကြောင်း အုပ်ထိန်းသူများမှ ဝန်ခံ၍ စာချုပ်ကို လက်မှတ်ရေးထိုးချုပ်ဆိုကြသည်ဟုလည်း ဖော်ပြထားသည်။
“သူ(သီလရှင်ဆရာကြီး) တောင်းပန်ပြီးပြီ၊ ဆေးဖိုးလည်းပေးပြီးပြီပေါ့။ နောက်ထပ်တိုင်တာ တောတာ သူသိက္ခာကျအောင် ပြောတာဆိုတာမျိုးတွေလုပ်ရင် ဒီစာချုပ်အရ ဖမ်းခိုင်းလို့ရတယ်လို့ ပြောတယ်” ဟု ဒေါ်အေးကပြန်ပြောပြသည်။
ယင်းကြောင့် ရဲစခန်းသို့မတိုင်ကြားရဲသဖြင့် လက်ရှိအချိန်အထိ အမှုဖွင့်ထားခြင်းမရှိကြောင်း ၎င်းကဆိုသည်။ မီဒီယာကို ဖြေဆိုရန်ပင် ကြောက်ရွံ့ခဲ့ကြောင်းလည်း ၎င်းကဆိုသည်။
ကလေးငယ်များကလည်း ကြောက်ရွံ့မှု၊ နာကြည်းမှုများကြားမှ အမှန်တရားအတွက် ရင်ဆိုင်လိုစိတ်များရှိနေပြီး မလရိပ်ဖြူက အခုလိုဆိုသည်။
“သမီးတို့ကို လုပ်သလို သူ့ကို ပြန်ခံစားရစေချင်တယ်။ သူကိုထောင်ချပစ်ချင်တယ်”