လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်း၊ ရေကြောင်းတို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။
ဒီဇင်ဘာလ ၂၃ ရက်နေ့ကစပြီး ကျောက်နီမော်ကျေးရွာတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ယနေ့နေ့လယ် ၁၂ နာရီခန့်တွင် စစ်ကောင်စီတပ်က လေကြောင်းသုံး စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။
“လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
မြိတ်လေတပ်စခန်းမှ K-8 W အမျိုးအစား ဂျက်ဖိုက်တာလေယာဉ်တစ်စီး နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် ပျံတက်သွားကြောင်း၊ လေကြောင်းသတိပေး တယ်လီဂရမ်ချယ်နယ်တို့က ဖော်ပြပြီးနောက် ၁၁ နာရီ ၅၃ မိနစ်ခန့်တွင် ကျောက်နီမော်ရွာတွင် လေကြောင်းတိုက်ခိုက်ခံရခြင်းဖြစ်သည်။
ယင်းမတိုင်ခင်ကတည်းက ကျောက်နီမော်ကျေးရွာအနီးတွင် ကျောက်ချရပ်နားထားသည့် စစ်သင်္ဘောမှလည်း လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
လတ်တလော လောင်းလုံးမြို့နယ်တွင် ဖုန်းလိုင်းအချို့ပြတ်တောက်နေသဖြင့် ထိခိုက်မှုအခြေအနေ အသေးစိတ်ကို မေးမြန်းမရသေးပေ။
လောင်းလုံးမြို့နယ်သို့ စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်ခြင်းမှာ ယခု ဒုတိယအကြိမ်ဖြစ်သည်။
ပထမအကြိမ်မှာ မေလ ၉ ရက်နေ့က လောင်းလုံးမြို့ရှိ စစ်ကောင်စီစခန်းနှင့် မြို့အနီးရှိ လတ်ခတ်တောင်စခန်း တိုက်ခိုက်ခံရချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းအန္တရာယ်ရှိသဖြင့် ပြည်သူများ လုံခြုံသည့်နေရာများ၊ ဗုံးခိုကျင်းများတွင်နေထိုင်ကြရန် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သတိပေးထားသည်။