လောင်းလုံးကျွန်းဆွယ်တပ်ဖွဲ့ (LPF) ထံ စစ်ကောင်စီဘက်က ရဲမေတစ်ဦး ဘက်ပြောင်းခိုလှုံလာကြောင်း ယင်းတပ်ဖွဲ့က ဒီဇင်ဘာ ၂၂ ရက်တွင်သတင်းထုတ်ပြန်သည်။
အဆိုပါရဲမေသည် နေပြည်တော်ကောင်စီနယ်မြေ၊ ပြည်ထဲရေးဝန်ကြီးဌာနရုံးလက်အောက်ရှိ နေပြည်တော် ရဲသတင်းတပ်ဖွဲ့ မှုခင်းဌာနက ရဲမေဖြစ်ကြောင်း ဖော်ပြသည်။
လွန်ခဲ့သည့် တစ်လခန့်ကတည်းက ခိုလှုံလာခြင်းဖြစ်ပြီး ကာယကံရှင်၏ ဆန္ဒနှင့်လုံခြုံရေးအခြေအနေအရ တစ်လကြာပြီးမှ သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း LPF တပ်ဖွဲ့ထံမှ သိရသည်။ သတင်းထုတ်ပြန်ရာတွင်လည်း ရဲမေ၏ အမည်ကို သဲသဲ (အမည်လွှဲ) ဟု ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
ရဲမေ၏ ဆွေမျိုးသားချင်းတစ်ဦး၏ ကြားခံဆက်သွယ်ကူညီပေးမှုဖြင့် LPF တပ်ဖွဲ့ နှင့် အဆက်အသွယ်ရပြီး ခရီးစဥ် တစ်ဝက်ကို ၎င်းအစီအစဥ်ဖြင့်လာ၍ ကျန်တစ်ဝက်ကို တပ်ဖွဲ့က စီစဥ်ပေးခဲ့ကြောင်း LPF တပ်ဖွဲ့ ၏ ပြန်ကြားရေး တာဝန်ရှိသူ ရဲဘော် Leo က ပြောသည်။
“ချီးမြှင့်ငွေ သိန်း ၂၀ (ကျပ်) ပေးထားပါတယ်။ သူ့မှာ လက်နက်ခဲယမ်းတော့ မပါလာဘူး။ အခုလက်ရှိအထိတော့ တပ်ဖွဲ့မှာပဲ ဆက်ရှိနေပါတယ်” ဟု ၎င်းက ပြောဆိုသည်။
လောင်းလုံးကျွန်းဆွယ်တပ်ဖွဲ့ (LPF) သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) ၊ ဒေါနတပ်ရင်း၏ တပ်ခွဲ (၇) အဖြစ် တာဝန်ထမ်းဆောင်ပြီး မွန်နှင့် တနင်္သာရီဒေသတို့တွင် စစ်ရေး လှုပ်ရှားလျက်ရှိသည်။