BREAKING
September 7, 2024

NDAA ကို အမေရိကန်သမ္မတ လက်မှတ်ရေးထိုး၊ မြန်မာ့အရေးအတွက် အရေးကြီးသည့် BURMA ACT အသက်ဝင်သွားပြီဖြစ်

December 24, 2022

ဓာတ်ပုံ - AP

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အမျိုးသားကာကွယ်ရေးအခွင့်အာဏာ အက်ဥပဒေ (NDAA) ကို ပြီးခဲ့သည့် နာရီပိုင်းက လက်မှတ်ရေးထိုး အတည်ပြုပေးလိုက်ပြီသဖြင့် မြန်မာ့အရေးအတွက် အကူအညီများစွာရရှိမည့် BURMA ACT အသက်ဝင်သွားပြီဖြစ်သည်။

Burma Unified through Rigorous Military Accountability (BURMA Act) ဟုခေါ်သည့် မြန်မာ့အရေးအတွက် အကူအညီများစွာ ရရှိမည့်အချက်များထည့်သွင်းထားသော ယင်းဥပဒေအသစ်မှာ အမေရိကန်လွှတ်တော်နှစ်ရပ်လုံးက အတည်ပြုထားပြီး သမ္မတက လက်မှတ်ရေးထိုးရမည့် အဆင့်သာ ကျန်ရှိတော့ခြင်းဖြစ်သည်။

သမ္မတ ဂျိုးဘိုင်ဒင်က လက်မှတ်ရေးထိုးလိုက်သည့် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA)မှာ နှစ်စဉ်ရေးဆွဲအတည်ပြုလေ့ရှိပြီး BURMA Act ကိုပြင်ဆင်ချက်သစ်အဖြစ် ယင်းဥပဒေတွင် ထည့်သွင်းထားခြင်းဖြစ်သည်။

BURMA Act အသက်ဝင်လာသည့်အတွက် အာဏာသိမ်းစစ်တပ်နှင့် အကူအညီပေးနေသည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများအပေါ် အမေရိကန်အစိုးရအနေနှင့် ပိုမိုအရေးယူပိတ်ဆို့နိုင်မည်ဖြစ်သည်။

ယင်းအပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားလက်နက်ကိုင်များ(EAOs) ၊ အာဏာရှင် တော်လှန်နေသော အခြားအတိုက်အခံ အဖွဲ့အစည်းများနှင့် တော်လှန်ရေးအဖွဲ့များကို လက်နက်မဟုတ်သော အကူအညီများပေးရန်လည်း ပါရှိသည်။

BURMA ACT အသက်ဝင်လာခြင်းကြောင့် မြန်မာ့အရေးအတွက် အရေးကြီးသည့် အထောက်အပံ့များကို အမေရိကန်အစိုးရထံမှ ပိုမိုရရှိလာတော့မည်ဖြစ်ပြီး NUG အစိုးရ၏ သံတမန်ရေး အောင်မြင်မှု တစ်ရပ်လည်းဖြစ်ကြောင်း နိုင်ငံ‌ရေးလေ့လာသူများကဆိုသည်။

NDAA ဥပဒေ မူကြမ်းထဲတွင် Burma Unified through Rigorous Military Accountability (BURMA) Act of 2022 ကိုထည့်သွင်းလိုက်နိုင်ခြင်းက “ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူတွေအတွက် ကြီးမားတဲ့ အောင်ပွဲ” ဖြစ်ကြောင်း ယင်းမူကြမ်းကို ဦးဆောင်တင်သွင်းခဲ့သည့် လွှတ်တော်အမတ်လည်းဖြစ်၊ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌလည်း ဖြစ်သည့် ဂရေဂရီ မိခ် က ပြောကြားထားကြောင်း VOA သတင်းဌာနက ဖော်ပြထားသည်။