ရေဖြူမြို့ နှင့် ကလိန်အောင်မြို့အကြားရှိ ရေး-ထားဝယ် ကားလမ်းပေါ်က စစ်ကောင်စီ ရေဖြူတပ်နယ်၏ ခြေမြန်တပ်ရင်း နှစ်ခုဖြစ် နိုဝင်ဘာလ ၂၃ ရက် နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးချခံရကြောင်း ဒေသခံများနှင့် ခရီးသွားများက ပြောသည်။
ခမရ ၄၀၆ နှင့် ၄၀၇ တပ်ရင်းတို့ ဗုံးချတိုက်ခိုက်ခံရခြင်းဖြစ်ပြီး ခမရ ၄၀၇ တပ်ရင်းတွင် ကျရောက်ပေါက်ကွဲသည်ဟု သိရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
ယင်းသို့ဗုံးချခံရပြီးနောက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်ရင်းများဘက်က လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ရေး-ထားဝယ်လမ်းကို ဖြတ်သန်းခွင့်မပြုတော့ဘဲ လမ်းပိတ်ခဲ့ကြောင်း ကားသမားများက ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၂၄ ရက် နံနက် ၇ နာရီမှသာ လမ်းဖွင့်ပေး၍ ကားများကို ပြန်လည်ဖြတ်သန်းခွင့်ရကြောင်း ၎င်းတို့က ဆိုသည်။
“တစ်ညအိပ်လိုက်ရတယ်။ ကားတွေအတော်များများပဲ။ ခရီးသည်ကား၊ ကုန်ကား အားလုံးပိတ်မိသွားတယ်။ ညကအထိ ပစ်သံက ကြားရသေးတယ်။ ပေါက်ကွဲသံတွေကတော့ ခပ်လှမ်းလှမ်းကပဲ ကြားရတယ်” ဟု တစ်ညတာ ပိတ်မိခဲ့သည့် ခရီးသည်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်ရင်းတို့ကို ဒရုန်းဖြင့် မည်သည့်အဖွဲ့က တိုက်ခိုက်ခဲ့သည်၊ ဒရုန်းဖြင့် တိုက်ခိုက်မှုတွင် ထိခိုက်မှု ရှိမရှိ စသည်တို့ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ခမရ ၄၀၆ နှင့် ၄၀၇ တပ်ရင်းတို့သည် ရေးမြို့ဘက်မှလာပါက ရေဖြူမြို့နယ်၊ ကလုံးထာရွာ အဝင်လမ်းအနီး၌ ကပ်လျက်တည်ရှိပြီး စစ်ကောင်စီ၏ အမှတ် (၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ လက်အောက်ခံတပ်များဖြစ်ကြသည်။