ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာသားတစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ပြီး မြေမြှုပ်ထားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များနှင့် ဒေသခံအချို့ထံမှ သိရသည်။
နိုဝင်ဘာလ ၂၃ရက် နေ့လယ်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက ဇရပ်ဆိပ်ကျေးရွာအတွင်း နယ်မြေရှင်းလင်းစဉ် လည်လှီးသတ်ဖြတ်ထားသည့် အလောင်းအား မြေမြှုပ်ထားသည်ကို တွေ့ရကြောင်း ၎င်းတို့က ပြောသည်။
လက်ပြန်ကြိုးတုပ်ပြီး သတ်ဖြတ်ခံထားရသည့်အလောင်းမှာ လူလတ်ပိုင်းအရွယ်အမျိုးသားဖြစ်ပြီး ဇရပ်ဆိပ်ရွာ အနောက် ပိုင်းရှိ ဘုန်းကြီးကျောင်းအနီး မြေမြှုပ်ထားသည်ကိုတွေ့ရကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“အသတ်ခံရတဲ့လူ ဘယ်သူဆိုတာကို စုံစမ်းနေတယ်။ (စစ်ကောင်စီတပ်) ဖမ်းဆီးထားတဲ့ အရပ်သားတွေရဲ့ မိသားစုဝင် တွေကို ဆက်သွယ်ထားတယ်။ မိသားစုဝင်တွေက စစ်ရှောင်နေကြလို့ အတည်ပြုရခက်နေတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်သားများသည် ဇရပ်ဆိပ်ရွာဘုန်းကြီးကျောင်းတွင် ရက်ပေါင်းများစွာ တပ်စွဲခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းတို့မရှိသည့်အချိန် ဝင်ရောက်ရှင်းလင်းရာက အဆိုပါရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ဇရပ်ဆိပ်ကျေးရွာတွင် တပ်စွဲထားသောစစ်ကောင်စီတပ်သည် နိုဝင်ဘာလ ၂၃ ရက် နံနက်ပိုင်းတွင် တပိုရွာဘက် ထွက်ခွာသွားကြောင်း အထက်ပါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။
တပိုရွာနှင့် ဇရပ်ဆိပ်ရွာမှာ ရွာချင်းဆက်ဖြစ်ပြီး မြိတ်-ထားဝယ်သွားသည့် ပြည်ထောင်စုလမ်းပေါ်တွင် တည်ရှိသည်။
ဇရပ်ဆိပ်ကျေးရွာဘုန်းကြီးကျောင်းတွင် စစ်ကောင်စီတပ်က သတ်ဖြတ်မြှုပ်နှံထားခဲ့သည့် ရုပ်အလောင်းကို တူးဖော်နေချိန် တပိုရွာတွင် တိုက်ပွဲများဖြစ်ပွားနေသဖြင့် အမြန်မီးသင်္ဂြိုဟ်လိုက်ရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“သတ်ပြီး မြှုပ်ထားတာကြာနေပြီဆိုတော့ ဘယ်သူမှန်း မသိတော့ဘူး။ အမျိုးသားဆိုတာပဲ သိရတယ်။ ကျွန်တော်တို့ ကောင်းကောင်းမီးသင်္ဂြိုဟ်ပေးလိုက်တယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်က ဇရပ်ဆိပ်ကျေးရွာနေ အရပ်သား ကိုငွေလှ၊ ကိုမြင့်ဖေ၊ ကိုဝတုတ်တို့ကို အောက်တိုဘာလ ၂၈ရက် ကတည်းက ဖမ်းဆီးထားပြီး လက်ရှိအချိန်အထိ ပြန်မလွှတ်သေးကြောင်း ဒေသခံများထံမှ သိရသည်။
နိုဝင်ဘာလ ၆ရက်ကလည်း စစ်ကောင်စီတပ်သားများ ပြန်ဆုတ်ချိန် ဖမ်းဆီးခေါ်ဆောင်သွားသည့် အသက်၃၅နှစ်အရွယ် ဇရပ်ဆိပ်ရွာသား ဦးစိုးကြီးလည်း လက်ရှိအချိန်ထိ ပြန်မလွတ်သေးကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
အောက်တိုဘာလ ၂၆ရက်ကလည်း ပုလောမြို့နယ် သင်္ကန်းတောရွာသို့စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က အသက် ၃၀အရွယ် သင်္ကန်းတောရွာသားတစ်ဦးနှင့် ကဒဲကျေးရွာသား အသက်၅၀နှစ်အရွယ် ကိုမြင့်လွင် (ခေါ် ) ကိုကပ်ပ ကို ပစ်သတ်ခဲ့သေးသည်။