BREAKING
December 26, 2024

စပါးပေါ်ချိန် ဈေးကျ

November 24, 2024

ဓာတ်ပုံ - Dawei Watch

ထားဝယ်ခရိုင်အတွင်း စပါးပေါ်ချိန် စပါးဈေးကျဆင်းနေကြောင်း လယ်သမားအချို့နှင့် စပါးအဝယ်ဒိုင်အချို့ထံမှ သိရသည်။

ပြီးခဲ့သည့်ဇွန်လ မိုးစပါးစတင်စိုက်ပျိုးချိန်က စပါးကြမ်းတစ်တင်းလျှင် ၂၃၀၀၀ ကျပ်ဝန်းကျင်၊ စပါးချော ကမာကြည် တစ်တင်းလျှင် ၃၀၀၀၀ ကျပ်ဝန်းကျင်၊ ထားဝယ်ပေါ်ဆန်းအမျိုးအစားတစ်တင်းလျှင် ၃၄၀၀၀ ကျပ်ဝန်းကျင် ဈေးပေါက်ခဲ့ကြောင်း စပါးအဝယ်ဒိုင်တို့ထံမှ သိရသည်။

ယခုလက်ရှိ စပါးပေါ်ချိန် နိုဝင်ဘာလကုန်ပိုင်းတွင်မူ စပါးကြမ်းတစ်တင်းလျှင် ၁၆၀၀၀ ကျပ်ဝန်းကျင်၊ စပါးချော ကမာကြည် တစ်တင်းလျှင် ၁၉၀၀၀ နှင့် ၂၀၀၀၀ ကြား၊ ထားဝယ်ပေါ်ဆန်းအမျိုးအစားဆိုပါက ၂၈၀၀၀ ကျပ်ဝန်းကျင်သာ ဈေးပေး ကြောင်း ထားဝယ်ခရိုင်ရှိ လယ်သမားအချို့က ပြောသည်။

‌“စပါးကြမ်းနဲ့ ကမာကြည်ကတော့ ဈေးတော်တော်ကျသွားတယ်။ (ထားဝယ်) ပေါ်ဆန်းကျတော့ သူ့ဟာနဲ့သူ ဈေးရှိသေးတယ်” ဟု ထားဝယ်မြို့နယ်ရှိ လယ်သူမ ဒေါ်လွင်ခိုင်က ဆိုသည်။

လက်ရှိတွင် ထားဝယ်ပေါ်ဆန်းတစ်တင်းကို ၂၈၀၀၀ ကျပ်သာဈေးပေးသော်လည်း လယ်သမားတို့ကမူ သုံးသောင်းကျပ် အနည်းဆုံး လိုလားနေကြောင်း ပြောဆိုကြသည်။

စပါးရောင်းချသူ များပြားနေသဖြင့် စပါးဈေးကျလာခြင်းဖြစ်ကြောင်း စပါးအဝယ်ဒိုင်တစ်ဦးက ဆိုသည်။

“နိုင်ငံရေး‌အခြေအနေအရ ပြေးနေလွှားနေရတာဆိုတော့ လယ်သမားတွေက တလင်းထဲမှာကတည်းကကို ရောင်းချင် နေတဲ့သူက များနေတယ်။ ကျွန်မတို့လည်း အရင်ကလို အများကြီးဝယ်ပြီး လှောင်မထားရဲဘူး” ဟု လောင်းလုံးမြို့နယ်ရှိ စပါးအဝယ်ဒိုင်တစ်ဦးက ပြောသည်။

လယ်သမားတို့ဘက်ကမူ ဒေသတွင်း ပဋိပက္ခအခြေအနေကြောင့် လက်ထဲစပါးမထားလိုသည်ကို အသုံးချကာ အဝယ်ဒိုင်များက ဈေးနှိမ်ဝယ်ယူနေခြင်းဖြစ်ကြောင်း ရှုမြင်သူအချို့ရှိသည်။

“သူတို့ပေးတဲ့ဈေး၊ သူတို့‌ယူလာတဲ့တင်းတောင်းနဲ့ ရမယ်ဆိုရင် တလင်းထဲအထိ လိုက်ဝယ်နေကြတာ။ သူတို့ယူလာတဲ့ တင်းတောင်းကလည်း တင်းတောင်း မဟုတ်တော့ဘူး၊ ပုတ်လောက်ကို ကြီးတာ” ဟု လောင်းလုံးမြို့နယ်ရှိ လယ်သမား ဦးသောင်းတင်က ပြောသည်။

စပါးဈေးကျနေသော်လည်း ရိတ်သိမ်းခ၊ သယ်ယူပို့ဆောင်ခတို့မှာ ကျဆင်းခြင်းမရှိကြောင်း လယ်သမားအချို့က ဆိုသည်။

လတ်တလောတွင် စပါးရိတ်သိမ်းခဈေးနှုန်း သတ်သတ်မှတ်မှတ်မရှိသေးသော်လည်း ယမန်နှစ်ကထက် တစ်ဧကို ကျပ်ငါးသောင်းဝန်းကျင် မြင့်တက်နိုင်ကြောင်း စပါးရိတ်သိမ်းခြွေလှေ့စက်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။

လက်ရှိစပါးပေါက်ဈေးမှာ စပါးစိုက်ပျိုးချိန် ဇွန်လကနှင့် နှိုင်းယှဉ်ပါက ဈေးကျနေသော်လည်း ယမန်နှစ် (၂၀၂၃ ခုနှစ်) စပါးပေါ်ချိန်နှင့် နှိုင်းယှဉ်ပါက ဈေးကောင်းရနေသည်။

ယမန်နှစ် စပါးပေါ်ချိန်ကမူ စပါးကြမ်းတစ်တင်း ၁၁၀၀၀ ကျပ်ဝန်းကျင်၊ ကမာကြည်တစ်တင်း ၁၃၀၀၀ ကျပ်ဝန်းကျင်သာ ဈေးပေါက်ခဲ့ခြင်းဖြစ်သည်။

တနင်္သာရီတိုင်းတွင် ယခုနှစ်မိုးရာသီနှောင်းပိုင်းအထိ မိုးကောင်းခဲ့သဖြင့် စပါးအထွက်နှုန်းလျော့ကျမည်ဟု လယ်သမား များက ခန့်မှန်းခဲ့ကြသော်လည်း ထင်သလောက် ထွက်နှုန်းလျော့ကျခြင်း မရှိသည့်အပြင် အချို့လယ်သမားတို့တွင် အထွက်တိုးခဲ့သေးကြောင်း လယ်သမားများထံမှသိရသည်။