ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့တွင် စစ်ကောင်စီတပ် စစ်သင်္ဘောက ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲသောကြောင့် မြို့မစျေးမီးလောင်ပျက်စီးကြောင်း ဒေသတွင်းသတင်းဌာနများက ဖော်ပြသည်။
ယနေ့ နိုဝင်ဘာလ ၂၄ ရက် မွန်းလွဲ ၂နာရီခွဲကျော်က ပစ်ခတ်သည့် လက်နက်ကြီးကျည်နှစ်လုံး စံပြရပ်ကွက်ရှိ မြို့မစျေးဟောင်းထဲသို့ ကျရောက်ပေါက်ကွဲ မီးလောင်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
မြို့မစျေးဟောင်းတစ်ခုလုံး မီးလောင်ပျက်စီးခဲ့ပြီး ညနေပိုင်းတွင် မီးငြိမ်းသွားသဖြင့် နေလူအိမ်များကို ကူးစက်လောင်ကျွမ်းခြင်း မရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။





မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေကို မသိရသေးကြောင်း ဒေသတွင်းသတင်းတို့တွင် ဖော်ပြသည်။
ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ကောင်စီတပ် စစ်သင်္ဘောက မြို့နှင့်အနီးဝန်းကျင်ကျေးရွာများကို လက်နက်ကြီးဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်နေကြောင်း ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်သည့် Narinjara သတင်းတွင် ဖော်ပြသည်။