BREAKING
January 13, 2025

လောင်းလုံး သပြေရှောင်ရွာက ရေလုပ်သားတဲများကို စစ်ကောင်စီတပ်က ဒုတိယအကြိမ်မီးရှို့

November 24, 2023

သပြေရှောင်ကျေးရွာက ရေလုပ်သားတဲများကို စစ်ကောင်စီတပ်က ထပ်မံလာရောက်မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းအပြင် ဒေသခံများ၏ ဆိုယ်ကယ်အစီးနှစ်ဆယ်ကျော်ကိုလည်း မီးပုံရှို့ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

သပြေရှောင်ရွာမှာ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ထဲက ရွာတစ်ရွာဖြစ်ပြီး ထားဝယ်-ရှင်မော် သွား ကားလမ်း‌မပေါ်တည်ရှိသည်။

စစ်ကောင်စီတပ်က သပြေရှောင်ရွာထဲသို့ ဇူလိုင်လ ၂၃ ရက် ညနေပိုင်းတွင် ထားဝယ်မြစ်အတိုင်း ရေလမ်းခရီးဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

အင်အား ၇၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းသည် ရွာထဲရှိ နေအိမ်များကို ရိုက်ဖျက်၊ မွှေနှောက်ရှာဖွေသွားပြီး ဆိုင်ကယ်ဆယ်စီးကျော်ကို သိမ်းဆည်ခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

“အဲဒီဆိုင်ကယ်တွေကို စာသင်ကျောင်းရှေ့မှာ ပုံပြီးမီးရှို့ပစ်လိုက်တယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယင်းနောက် ညအချိန်တွင် ‌ထားဝယ်မြစ်ကမ်းဘေးရှိ ရေလုပ်သားတဲ ၁၈လုံးနှင့် ဆိုင်ကယ် ဆယ်စီးခန့်ကို မီးရှိုခဲ့သေးကြောင်း ဒေသခံတို့က ဆိုသည်။

ထားဝယ်မြစ်ကမ်းဘေးရှိ ရေလုပ်သားတဲများရှိရာနေရာကို ဒေသခံတို့က စန္ဒားဆိပ်ဟုခေါ်ဆိုကြသည်။

ထားဝယ်မြစ်ဝအတွင်း ဝါးလုံး၊ သစ်သားများဖြင့် တည်ဆောက်ကာ ငါးဖမ်းသည့် စန္ဒားလုပ်ငန်းမှာ သပြေရှောင်ရွာသားအချို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုလည်းဖြစ်သည်။

ဖမ်းဆီးရမိလာသည့် ငါး၊ ပုစွန်များကို စန္ဒားဆိပ်ရှိ တဲများပေါ်တွင် သိမ်းဆည်းပြီး ငါးပိ၊ ပုစွန်ခြောက် စသည့်တို့ ပြုလုပ်ရောင်းချ အသက်မွေးကြခြင်းဖြစ်သည်။

အဆိုပါ စန္ဒားဆိပ်ရှိ တဲများကို စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ် မေလ ၂၀ ရက်က ပထမအကြိမ် မီးရှို့ဖျက်ဆီးခဲ့ဖူးသည်။

ပထမအကြိမ်က အတဲအလုံးရေ နှစ်ဆယ် မီးလောင်ပျက်စီးခဲ့ရပြီး ငါးပိ၊ ပုစွန်ခြောက်ပိဿာချိန်အမြောက်အများလည်း မီးထဲပါသွားခဲ့သည်။

ယင်းတဲများကို ပြန်ပြုပြင်ပြီး လုပ်ငန်းလုပ်ကိုင်နေသည်မှာ ရှစ်လကျော်အကြာတွင် ဒုတိယအကြိမ် ထပ်မံမီးရှို့ခံရခြင်းလည်းဖြစ်သည်။

“အရင်မီးလောင်တုန်းက ကျန်ခဲ့တဲ့ ငါးပိတွေကို ခက်ခက်ခဲခဲနဲ့ ရသလောက်တူးထုပ်ပြီး တဲပြန်ဆောက်ထားကြတာ။ အခုတစ်ခါ မီးရှိုခံရပြန်တော့ နောက်ထပ် ဘာဆက်လုပ်ရမလဲမသိတော့အောင်ပါပဲ” ဟု နှစ်ကြိမ်တိုင်တိုင် စန္ဒာတဲမီးရှို့ခံရသည့်အထဲပါဝင်သည့် အမျိုးသမီးတစ်ဦးကဆိုသည်။

စန္ဒာတဲများကို စစ်ကောင်စီတပ်က ည ၈ နာရီကျော်တွင် မီးရှို့ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

စန္ဒာတဲများ မီးရှို့ပြီး‌နောက် စစ်ကောင်စီတပ်သည် ပျူစောထီးအဖွဲ့ဝင်များ ခြေကုတ်ယူထားသည့် ကျောက်နီမော်ကျေးရွာဖက်သို့ ရေလမ်းခရီးဖြင့် ထွက်ခွာသွားကြောင်း ဒေသခံအချို့ကဆိုသည်။

စစ်ကောင်စီတပ်ရွာထဲဝင်လာသည့်အချိန် ဒေသခံများမှာ ရွာတွင်မနေရဲသဖြင့် တိမ်းရှောင်ထွက်ပြေးခဲ့ကြရသေးကြောင်း ၎င်းတို့က ပြောဆိုသည်။