BREAKING
January 11, 2025

ပုလော-မြိတ်ကားလမ်းပြန်ဖွင့်လိုက်၍ ခရီးသည်တင်ကားအချို့ ပြန်လည်ပြေးဆွဲ

October 24, 2024

ပုံစာ - တိုက်ပွဲကြောင့် မြိတ်-ထားဝယ် အတက်အဆင်းကားများ ပိတ်မိနေစဥ်။

နှစ်ဖက်တိုက်ပွဲကြောင့် ရက်ရှည်ပိတ်ထားသည့် ပုလော-မြိတ်ကားလမ်းကို အောက်တိုဘာလ ၂၃ ရက်နေ့တွင် ပြန်ဖွင့်ပေးလိုက်သဖြင့် ခရီးသည်တင်ကားအချို့ ပြန်လည်ပြေးဆွဲနေပြီဖြစ်သည်။

“ပိတ်မိနေတဲ့ကားတွေက အကုန်ရှေ့ဆက်နေကြပြီ၊ ဂိတ်ကနေ ထွက်မယ့်ကားတွေတော့ မထွက်ကြသေးဘဲ အခြေအနေကို စောင့်ကြည့်နေကြတယ်။ ဒီနေ့မှစပြီးလမ်းဖွင့်တဲ့ရက်ဆိုတော့ ထွက်တဲ့ကားလည်းနည်းတယ်။ လက်ရှိထွက်တဲ့ကားတွေကို နောက်ထွက်မယ့်ကားတွေက လှမ်းထောက်နေတုန်းပဲ” ဟု ထားဝယ်-မြိတ် ပြေးဆွဲနေသည့် ကားသမားတစ်ဦးက ယနေ့ နံနက်တွင်ပြောသည်။‌

ပုလောမြို့နယ် ကြဲကျေးရွာအုပ်စုမှ ကြဲရွာနှင့် မီးလောင်ချောင်းရွာတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ အောက်တိုဘာ ၁၄ ရက်ညနေပိုင်းကစပြီး နှစ်ဖက်တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထားဝယ်-မြိတ် ပြည်ထောင်စုကားလမ်းပေါ်ရှိ ကြဲရွာနှင့် မီးလောင်ချောင်းရွာတွင် ဖြစ်ပွားနေသည့် ယင်းတိုက်ပွဲကြောင့် အောက်တိုဘာ ၁၅ ရက်မှ ၂၃ ရက်နေ့မနက်ပိုင်းအထိ ပုလော-မြိတ်ကားလမ်း ပိတ်ထားခြင်းဖြစ်ပြီး ရာနှင့်ချီသည့်ကားများ ရက်ရှည်ပိတ်မိနေခဲ့သည်။

အောက်တိုဘာ ၂၃ ရက် နေ့လယ်ပိုင်းတွင် ပိတ်မိနေသည့်ကားများကို နှစ်ဖက်စလုံးက စစ်ဆေးပြီး သွားလာခွင့်ပြုနေခြင်းဖြစ်သည်ဟု ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက မြေပြင်တပ်ဖွဲ့ဝင်တစ်ဦးနှင့် ကားသမားအချို့က ပြောသည်။

“အခုပဲ ကျွန်တော်တို့ကားထွက်ဖို့လုပ်နေတယ်၊ တချို့ကားတွေလည်း အခြေအနေ စောင့်ကြည့်နေကြတယ်” ဟု မြိတ်မှ ခရီးသည်တင်ကားမောင်းသမား တစ်ဦးကဆိုသည်။

စစ်ကောင်စီတပ်ဘက်က အရပ်ဝတ်များဝတ်ဆင်ကာ ခရီးသည်ဟန်ဆောင် စစ်အင်အားတိုးချဲ့ စေလွှတ်နေသဖြင့် စစ်ရေးလိုအပ်ချက်အရ လမ်းပိတ်ခဲ့ခြင်းဖြစ်သလို တိုက်ပွဲအတွင်း ခရီးသည်များ အန္တရာယ်ဖြစ်မည်စိုးရိမ်သဖြင့် လမ်းပိတ်ထားခြင်းဖြစ်သည်ဟု ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက မြေပြင်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပုလောမြို့နယ်၊ မြိတ်မြို့နယ်နှင့် တနင်္သာရီမြို့နယ်မှ ကျေးရွာအတော်များများနှင့် ပုလော-မြိတ် ပြည်ထောင်စုကားလမ်းကို ပူးပေါင်းတပ်များ စိုးမိုးထိန်းချုပ်ထားသဖြင့် စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု မြေပြင်တပ်ဖွဲ့ဝင်ကဆိုသည်။

“ဒီလမ်းကြောင်းမပွင့်ဘူးဆိုရင် မြိတ်တိုင်းမှူးလည်းပြုတ်သွားနိုင်တာပဲ၊ ကိုကြီး(ကျွန်တော်)တို့ဘက်ကလည်း ရွက်ကုန်ဖွင့်တာပဲ၊ အင်အားရှိသလောက်အသုံးချပြီးလုပ်တာပဲ၊ ရက်ကြာလာတော့ တောင့်ခံမနိုင်တဲ့ အနေထားရောက်လာတာပေါ့၊ ပုလောနဲ့ ပလလမ်းပိုင်းကို ကျွန်တော်တို့ ထိန်းချုပ်ထားဆဲ၊ အခုထိလည်းစစ်ရေးတင်းမာနေဆဲပဲ” ဟု ၎င်းက ပြောသည်။

ပုလော-မြိတ်ကားလမ်းမတစ်လျောက်မှာ စစ်ကောင်စီတပ်ဖွဲ့များရှိသလို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များလည်း ရှိနေပြီး နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်သည်ဟု ၎င်းကပြောသည်။

နှစ်ဖက်တိုက်ပွဲကြောင့် ရက်ရှည်ပိတ်မိနေသဖြင့် ခရီးသည်အချို့မှာ ရေလမ်းကြောင်းဖြင့် သွားလာသည်မျိုးရှိကြောင်း၊ ကုန်ပစ္စည်းများကိုလည်း ကားတစ်ဆင့်၊ လှေတစ်ဆင့်ဖြင့် သယ်ယူကြရသည်ဟု ခရီးသွားများက ဆိုသည်။

ကားလမ်းရက်ရှည် ပိတ်သဖြင့် ကုန်စည်စီးဆင်းမှုပြတ်တောက်ခဲ့ပြီး ကုန်ပစ္စည်းအချို့ ဈေးတက်လာသည်ဟု မြိတ်ဒေသခံအချို့က ပြောသည်။