BREAKING
January 11, 2025

အွန်လိုင်း အရောင်းအဝယ်ကြောင့် ထိုင်းရဟန်းများ ဘတ်ငွေ ဘီလီယံချီ ဆုံးရှုံး

October 24, 2024

ပိရမစ်ပုံစံ ဆင့်ပွား စီးပွားရေးလုပ်ငန်းတစ်ခုတွင် စတော့ရင်းနှီးမြှုပ်နှံရန် ဖြားယောင်းသွေးဆောင်ခံရပြီးနောက် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းမှ ရဟန်းသံဃာများ ဘတ်ငွေ တစ် ဘီလီယံကျော် ဆုံးရှုံးခဲ့ရကြောင်း Bangkok Post သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

ယင်းကိစ္စကို စုံစမ်းစစ်ဆေးရန် နိုင်ငံအဆင့်ဗုဒ္ဓဘာသာဆိုင်ရာရုံး(NOB) ကို ထိုင်းအစိုးရက တာဝန်ပေးလိုက်ပြီ ဖြစ်သည်။

Ban Share Nong Carrot အမည်ရ ပိရမစ်ပုံစံ အွန်လိုင်း အရောင်းအဝယ် ကုမ္ပဏီသည် ရဟန်းသံဃာများနှင့် ကျေးလက်နေပြည်သူများကို ပစ်မှတ်ထား ဖြားယောင်းသွေးဆောင်ခဲ့သည်။

စည်းရုံးသိမ်းသွင်းခံရသူများကို ၎င်းတို့ ပြုလုပ်သည့် အွန်လိုင်း အရောင်းအဝယ် သင်တန်းများနှင့် နှီးနှောဖလှယ်ပွဲများ တက်ရောက်စေခဲ့သည်ဟု ထိုင်းမီဒီယာတွေက ဖော်ပြသည်။ အဖွဲ့ဝင်တစ်ယောက်ချင်းစီသည် အနည်းဆုံး ဘတ်သုံးသိန်း ထည့်ဝင်မြှုပ်နှံခဲ့ရသည်။

ကုမ္ပဏီဦးဆောင်သူများသည် တရားစခန်းအစီအစဉ်တစ်ခုကို ဖွင့်လှစ်ခဲ့ပြီး ဗုဒ္ဓဘာသာရဟန်းသံဃာများကို ပစ်မှတ်ထား ဖြားယောင်းသိမ်းသွင်းခဲ့သည်။

“ရဟန်းသံဃာတွေက ဒကာတွေရဲ့ လှူဒါန်းငွေတွေကို အွန်လိုင်း အရောင်းအဝယ် လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံတယ်ဆိုတဲ့ ကိစ္စက တကယ်မှန်တယ်ဆိုလို့ ရှိရင် ဒါက တကယ့်ကို မသင့်တော်တဲ့ လုပ်ရပ်ပါပဲ”ဟု မဟာချူလာလောင်ကွန်းရာဇာဝိဒယလျ ဗုဒ္ဓတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံတော်အဆင့် ဗုဒ္ဓသာသနရေးရာရုံး(NOB) ကို ကြီးကြပ်ကွပ်ကဲသူ မစ္စတာချောင်ဆက်သီရီနစ်လ်က ၎င်းအနေဖြင့် ယင်းကိစ္စ၏ အသေးစိတ်အချက်အလက်များကို မသိရှိရသေးဟု ဆိုသည်။ ယင်းကိစ္စကို ထိုင်းနိုင်ငံတော်အဆင့် ဗုဒ္ဓသာသနရေးရာရုံး (NOB) က ဦးစွာစုံစမ်းစစ်ဆေးရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဝန်ကြီးချုပ်ရုံးရဲ့ ညွှန်ကြားမှုကို လိုက်နာပြီး ဒီကိစ္စနဲ့ ပတ်သက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နေပြီဆိုတာ ကျွန်တော် အခိုင်အမာပြောလိုပါတယ်။ တကယ်လို့ ဒီကိစ္စမှာ ရဟန်းသံဃာတွေ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့အချက်က မှန်ကန်တယ်ဆိုရင် ဒီကိစ္စကို သက်ဆိုင်ရာသံဃာ့ထိပ်သီးခေါင်းဆောင်တွေက ကိုင်တွယ်သွားရမှာ ဖြစ်ပါတယ်” ဟု မစ္စတာချောင်ဆက်က ပြောသည်။

ထိုင်းနိုင်ငံတွင် ဆင့်ပွားစီးပွားရေးကြောင့် လူသောင်းချီထိခိုက်နစ်နာရပြီးနောက် ပါဝင်သော ကုမ္ပဏီခေါင်းဆောင်များ၊ သရုပ်ဆောင် မင်းသား၊ မင်းသမီးများ၊ ထင်ရှားကျော်ကြားသူများကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးလျက်ရှိသည်။

Ref: Bangkok Post