BREAKING
January 11, 2025

ထိုင်းကုန်ပစ္စည်းများ ဖမ်းဆီးနေသဖြင့် မွန်တွင် ထိုင်းကုန်ပစ္စည်းအရောင်းရပ်လာ

October 24, 2024

ပုံစာ - မော်လမြိုင်မြို့ပေါ်က ထိုင်းကုန်ပစ္စည်းအရောင်းဆိုင်များကို စစ်ကောင်စီပူးပေါင်းအဖွဲ့တို့က ယခုလအတွင်း လိုက်လံစစ်ဆေးနေစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ

မွန်ပြည်နယ်အတွင်း ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီက လိုက်လံစစ်ဆေးဖမ်းဆီးနေသည့်အတွက် ထိုင်းကုန်ပစ္စည်းကို အရောင်းရပ်ဆိုင်းလာကြကြောင်း ထိုင်းကုန်ပစ္စည်းတင်သွင်းရောင်းချနေသူတို့ထံမှ သိရသည်။

ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တရားမဝင်သွင်းကုန်များကို စစ်ဆေးအရေးယူရန် ညွှန်ကြားသည့် အောက်တိုဘာလ ၉ ရက်နောက်ပိုင်း ထိုင်းကုန်ပစ္စည်းများကို စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးဖမ်းဆီးလာသည့်အပြင် ပွဲရုံနှင့် ဈေးကွက်များထဲအထိပါ လိုက်လံဖမ်းဆီးမှု ပြုလုပ်လာကြောင်း ၎င်းတို့က ပြောသည်။

ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် အခြေခံစားသောက်ကုန်များအပါအဝင် လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့ကိုလည်း ဌာန ပေါင်းစုံ ပါဝင်သည့် စစ်ကောင်စီပူးပေါင်းအဖွဲ့တို့က လိုက်လံဖမ်းဆီးနေကြောင်း မော်လမြိုင်မြို့တွင် ထိုင်းစားသောက်ကုန်ပစ္စည်းများ ရောင်းချနေသူတစ်ဦးက ဆိုသည်။

“ထိုင်းက ဝင်လာတဲ့ ပစ္စည်းအကုန်လုံးကို လိုက်စစ်နေတယ်။ တွေ့ရင် ဖမ်းတယ်။ အကုန်လုံးပဲ ပွဲရုံတွေ၊ ဂိုဒေါင်တွေ စျေးကွက်ထဲအထိကို လိုက်ဖမ်းနေတာ အခုက။ ကျွန်မတို့ မွန်ပြည်နယ်မှာက ထိုင်းပစ္စည်းတွေပဲ အသုံးများတော့ ဖမ်းရင် အကုန်ကုန်တာပေါ့” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက ထိုင်းကုန်ပစ္စည်းများကို ဆက်တိုက်လိုက်လံ ဖမ်းဆီးနေသည့်အတွက် ထိုင်းကုန်ပစ္စည်း တင်သွင်း ရောင်းချမှု ရပ်နားလာကြကြောင်းထိုင်းကုန်ပစ္စည်းတင်သွင်းဖြန့်ဖြူးရောင်ချသူတို့ထံမှ သိရသည်။

ဈေးကွက်အထိပါ ထိုင်းကုန်ပစ္စည်းများကို ရှာဖွေဖမ်းဆီးနေသည့်အတွက် ထိုင်းကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက် လာနိုင်သည့်အပြင် ဖမ်းဆီးမှု ကာလရှည်ကြာလာသည့်နှင့်အမျှ ကုန်ပစ္စည်း ပြတ်လပ်မှုပါ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း ထိုင်းကုန်ပစ္စည်းရောင်းချနေသူတို့က ဆိုသည်။

“ဒီလိုမျိုးလိုက်ဖမ်းနေတော့ အရောင်းအဝယ်တွေလည်း မလုပ်ရဲကြဘူး။ ဆိုင်တွေလည်း ပိတ်ထားကြရတယ်။ အဲဒီလိုဖြစ်တော့ စျေးကတက်လာမယ်။ အခုတောင် ပစ္စည်းတွေက ‌စျေးနည်းနည်းတက်လာနေတယ်။ ပစ္စည်းတွေ ဝယ်မရရင် စျေးက တက်မှာပဲလေ” ဟု ထိုင်းကုန်ပစ္စည်းရောင်းချနေသည့်အမျိုးသမီးတစ်ဦးက ပြောသည်။

မွန်ပြည်နယ်စျေးကွက်တွင် ရောင်းချနေသည့် စားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ ဆောက်လုပ်ရေးပစ္စည်းများ အစရှိသည့် လူသုံးကုန်ပစ္စည်းအမျိုးမျိုး၏ အများစုသည် မြဝတီ၊ ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် တင်သွင်းလာသည့် ထိုင်းကုန်ပစ္စည်းများဖြစ်ကြောင်း စျေးကွက်အတွင်းမှ သိရသည်။

တရားမဝင်ကုန်သွယ်မှုကြောင့် အခွန်ကောက်ခံရရှိမှု နစ်နာသလို ၎င်းတို့ကို တော်လှန်တိုက်ခိုက်နေသည့် လက်နက်ကိုင် အဖွဲ့များကို ထောက်ပံ့ကူညီရာရောက်ခြင်းကြောင့် ထိထိရောက်ရောက်တားဆီးတိုက်ဖျက်ရန် ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုထားသည်။