Dawei Watch၊ အောက်တိုဘာ ၂၄
မြိတ်မြို့နယ်နှင့် စစ်အုပ်ချုပ်ရေးကြေညာထားသည့် ပုလောမြို့နယ်တို့တွင် နှစ်ကျိပ်ရှစ်ဆူဘုရားပူဇော်ပွဲ ကျင်းပနိုင်မည်မဟုတ်ကြောင်း သိရသည်။
တနင်္သာရီတိုင်းအတွင်းရှိ ပုလောနှင့် တနင်္သာရီမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးအဖြစ် စစ်ကောင်စီက ယခုနှစ် ဖေဖေါ်ဝါရီလ ၂ ရက်နေ့က ကြေညာခဲ့ခြင်းဖြစ်သည်။
ပုလောမြို့တွင် ကိုဗစ်စဖြစ်သည့် ၂၀၂၀ ခုနှစ်မှစပြီး ယခုနှစ်အထိ လေးနှစ်ဆက်တိုက် ပွဲတော်မကျင်းပဖြစ်ခဲ့ကြောင်း မြို့ခံအချို့က ဆိုသည်။
“ဒီနှစ်လည်း မကျင်းပနိုင်သေးပါဘူး၊ မြို့ထဲမှာတောင် ညညဆို ကြောက်နေရတဲ့ အခြေအနေဆိုတော့လေ” ဟု ပုလောမြို့နယ်ရှိ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကျင်းပရေးကော်မတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ပုလောမြို့အပါအဝင် ပုလောက်မြို့၊ ပလမြို့တို့တွင် တိုက်ပွဲများ မကြာမကြာဖြစ်ပေါ်နေပြီး၊ ညဘက်အချိန်တို့တွင်လည်း ပစ်ခတ်အသံများကြားနေရသဖြင့် စိုးရိမ်ကြောက်လန့်နေရခြင်း ဖြစ်ကြောင်း ၎င်းက ပြောပြသည်။
ပုလော၊ ပလောက်၊ ပလမြို့တို့သည် မြိတ်-ထားဝယ် ပြည်ထောင်စု လမ်းမပေါ်တွင် တည်ရှိကြသည်။







ထို့ပြင် မြိတ်မြို့တွင်လည်း ကိုဗစ်ကပ်ဘေးဖြစ်ပေါ်ခဲ့သည့် ၂၀၂၀ ခုနှစ်မှစပြီး နှစ်ကျိပ်ရှစ်ဆူဘုရားပူဇော်ပွဲ ရပ်နားထားရပြီး ယခုနှစ်တွင်လည်း မကျင်းပနိုင်သေးကြောင်း မြိတ်မြို့နယ် ဗုဒ္ဓဘာသာအသင်းကြီးမှ အသင်းဝင်တစ်ဦးက ပြောပြသည်။
“ကိုဗစ်ကတည်းကနေ နားထားတာပေါ့၊ ဒီနှစ်လည်း မလုပ်ဖြစ်သေးပါဘူး၊ အခြေအနေအကြောင်းကြောင်းကြောင့် မလုပ်ဖြစ်သေးတာပါ” ဟု ဗုဒ္ဓဘာသာအသင်းကြီးမှ အသင်းဝင်က ပြောသည်။
နှစ်ကျိပ်ရှစ်ဆူဘုရားပူဇော်ပွဲကျင်းပရာတွင် မြို့တွင်းရှိ သတ်မှတ်ထားသည့်နေရာတို့တွင် ခုနှစ်ရက်ခန့် အပူဇော်ခံပြီးနောက် ညဘက်အချိန်တွင် ညလုံးပေါက် လှည့်လည်ပူဇော်လေ့ရှိကြသည်။
“တိုင်းပြည်အေးချမ်းမှုမရှိဘူးဆိုတော့၊ ဘုရားလည်း မပူဇော်ရဘူးပေါ့” ဟု မြိတ်မြို့နေ အသက် ၅၀ နှစ်ကျော်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။
မြိတ်နှင့် ပုလောမြို့တို့တွင် နှစ်စဉ် တန်ဆောင်တိုင်ကာလ၌ နှစ်ကျိပ်ရှစ်ဆူဘုရားပူဇော်ပွဲကို စည်ကားစွာ ကျင်းပလေ့ရှိသည်။
ထားဝယ်မြို့တွင်တော့ ယခုနှစ်နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်ကို နေ့ဘက်တွင် ပြောင်းလဲကျင်းပမည်ဟုဆိုသည်။