BREAKING
October 18, 2024

တနင်္သာရီ ညောင်ပင်ကုန်းရွာကို စစ်ကောင်စီတပ် ဒရုန်းဖြင့်ဗုံးချမှုကြောင့် အမျိုးသမီးသုံးဦးဒဏ်ရာရ

September 24, 2024

ပုံစာ - ထိခိုက်ဒဏ်ရာရရှိသူများကို မြိတ်ပြည်သူ့ဆေးရုံကြီးသို့ သယ်ဆောင်စဉ်။

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ညောင်ပင်ကုန်းကျေးရွာကို စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီ တပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသမီးသုံးဦး ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။

ညောင်ပင်ကုန်းရွာဈေးအနီးက လမ်းမကြီးပေါ်ကို ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး ဗုံးစထိမှန်မှုကြောင့် အသက် ၆၅ နှစ်အရွယ် ဒေါ်တင်ရီ၊ အသက် ၃၅ နှစ်အရွယ် ဒေါ်သီသီမိုး၊ အသက် ၃၂ နှစ်အရွယ် ဒေါ်ငြိမ်းငြိမ်းယုတို့သုံးဦး ဒဏ်ရာရကြောင်း ၎င်းတို့ကို ဆေးရုံသို့ ပို့ဆောင်ရာတွင် ကူညီပေးခဲ့သူ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။ ခြေထောက်တို့ လက်တို့ နောက်ကျောတို့မှာ ထိတယ်” ဟု ၎င်းက ပြောသည်။

၎င်းတို့သုံးဦးသည် မြိတ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း အထက်ပါဒေသခံက ပြောဆိုသည်။

မြိတ်-တနင်္သာရီ ပြည်ထောင်စုကားလမ်းပေါ် တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ သွားလာစဉ် ဒရုန်းလာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ နောက်ဆုတ်ခဲ့ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယင်းနောက် စစ်ကောင်စီက ဗုံးချတိုက်ခိုက်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ သွားလာခဲ့သည့်နေရာမဟုတ်ဘဲ ရွာထဲရှိ စျေးအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ၎င်းက ဆိုသည်။

“ဒရုန်းလာတော့ အကုန်လုံးပြန်ဆုတ်လာတယ်။ အဲဒီချိန်မှာ သူတို့ဘက်က ဒရုန်းနဲ့ ဗုံးလာချသွားတယ်။ သူတို့ဗုံးလာချတဲ့အချိန်ဆို ရဲဘော်တွေတစ်ယောက်မှ အဲဒီမှာ မရှိတော့ဘူး” ဟု ၎င်းက ဆိုသည်။

ညောင်ပင်ကုန်းရွာအနီးက ဇဝဲရွာအခြေစိုက် ခလရ (၅၅၆) တပ်ရင်းက ဒရုန်းဖြင့် ဗုံးတစ်လုံးချကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောဆိုသည်။

စစ်ကောင်စီတပ်သည် တနင်္သာရီတိုင်းတွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုကို ခပ်စိပ်စိပ် လုပ်ဆောင်လာသည်။

စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံး ထိခိုက်ဒဏ်ရာရမှုများရှိသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရ သေဆုံးမှုများလည်းရှိခဲ့သည်။