BREAKING
October 18, 2024

ထိုင်း စမွတ်စခွန်တွင် နာမည်ကြီး မြန်မာအလှပြင်ဆိုင်ကို ထိုင်းအာဏာပိုင်များဝင်ဖမ်း

September 24, 2024

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသအနီး အုန်းနွဲ့ဒေသတွင် မြန်မာနိုင်ငံသားတစ်ဦး ဖွင့်လှစ်ထားသော နာမည်ကြီး အလှပြင်ဆိုင်တစ်ဆိုင်ကို ထိုင်းအဖွဲ့ပေါင်းစုံက စက်တင်ဘာလ ၂၃ ရက်နေ့တွင် ဝင်ရောက်ဖမ်းဆီးကြောင်း စမွတ်စခွန်ခရိုင် အလုပ်သမားရုံးက ထုတ်ပြန်သည်။

ကထူးဘင်နယ်မြေ အုန်းနွဲ့ဒေသတွင် မြန်မာနိုင်ငံသားတစ်ဦးက အလှပြင်ဆိုင်ဖွင့်ထားကြောင်း အွန်လိုင်းပေါ်တွင် ကြော်ငြာ ထားသဖြင့် ထိုင်းလဝကအဖွဲ့နှင့် အလုပ်သမားရုံး တာဝန်ရှိသူတို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။

ဆံပင်ညှပ်၊ ခေါင်းလျှော်၊ အလှပြင်နေသည်ကို တွေ့ရှိရပြီး ဆိုင်အတွင်း အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ခြောက်ဦး ကိုပါ ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံသားများအနက် တစ်ဦးသာ နိုင်ငံကူးလက်မှတ်နှင့် အလုပ်လုပ်ခွင့်လက်မှတ်ကို ပြသနိုင်ခဲ့ကြောင်း ဆိုသည်။

လက်ရှိတွင် ၎င်းတို့ကို ကထူးဘင်ရဲစခန်းတွင် ဖမ်းဆီးထားဆဲဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဖမ်းဆီးခံရသောဆိုင်သည် UT Rainbow အလှပြင်ဆိုင်ဖြစ်ပြီး အွန်လိုင်းပေါ်တွင် မြန်မာနိုင်ငံသားများကြား နာမည်ကြီး လူသိများသော ဆိုင်ဖြစ်သည်။

ဆိုင်ဖမ်းဆီးခံရသောဖြစ်စဉ်နှင့် ပတ်သက်၍ နောက်ဆက်တွဲအခြေအနေများကို UT Rainbow ဆိုင်သို့ ယနေ့ နေ့လယ်ပိုင်းတွင် ဖုန်းဆက်မေးမြန်းရာ ဖုန်းလက်ခံဖြေကြားပေးခဲ့ခြင်း မရှိပေ။

ဆိုင်ကို စက်တင်ဘာလ ၂၃ ရက်နေ့က ထိုင်းလဝကအဖွဲ့များ ဝင်ရောက်စစ်ဆေးခဲ့ကြောင်း UT Rainbow ဆိုင်ပိုင်ရှင်၏ Facebook လူမှုကွန်ရက်အကောင့်တွင် ယနေ့ ရေးသားထားသည်။

စမွတ်စခွန်ခရိုင်အတွင်းသာမက ထိုင်းတစ်နိုင်ငံလုံးတွင် မြန်မာအလုပ်သမားများကို ဖမ်းဆီးအရေးယူမှု များပြားလာသဖြင့် မြန်မာများအနေဖြင့်ရွှေ့ပြောင်းအလုပ်သမားများကို တားမြစ်ထားသော အလုပ်များတွင် ဝင်မလုပ်ကြရန် Labour Rights Foundation မှ ကိုဇော်က အကြံပြုထားသည်။

“ကျွန်တော်တို့ကို ဗီဇာ ၂ နှစ်ပေးထားတာက အလုပ်သမားဗီဇာပေါ့နော်။ အလုပ်သမားတောင်မှ အလုပ်ကြမ်းသမားလို့ သတ်မှတ်ထားတာ။ ကိုယ်ပိုင်အလုပ်လုပ်ပိုင်ခွင့် မရှိဘူး။ အလှပြင်တာတို့၊ ချည်ထိုးတာတို့၊ ကိုယ်ပိုင်ကားဝယ်ပြီးတော့ ခရီးသွားဝန်ဆောင်မှုလုပ်တာ ဒါတွေလည်း တားမြစ်ထားတဲ့အထဲမှာ ပါတယ်။ ကိုယ်ပိုင်ကုမ္ပဏီဖွင့်ချင်တယ်ဆိုရင်တော့ ကုမ္ပဏီမှတ်ပုံတင်ပြီးမှ ဖွင့်လို့ရမယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများသည် ဆံပင်ညှပ်၊ ဧည့်လမ်းညွှန်၊ ဈေးရောင်း၊ ခရီးသည်ကြိုပို့ စသော တားမြစ်ထားစသောလုပ်ငန်းများကို လုပ်ပိုင်ခွင့်မရှိပေ။

တရားမဝင် ဝင်ရောက်လုပ်ကိုင်ပါက ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ ချမှတ်ခံရနိုင်ပြီး နေရပ်ပြန်ပို့ခံမည်ဖြစ်ကာ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် ၂ နှစ်ပိတ်သိမ်းခံရမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။