BREAKING
January 12, 2025

စစ်ကောင်စီတပ် မောင်မယ်ရှောင်ရွာကို ဆက်တိုက်မီးရှို့

September 24, 2024

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာတွင် စစ်ကောင်စီတပ် ယခုအပတ်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခံရပြီးနောက် ကျေးရွာထဲရှိ နေအိမ်များကိုဆက်တိုက်မီးရှို့နေကြောင်း ဒေသခံများက ပြောသည်။

မောင်မယ်ရှောင်ရွာတွင် တပ်စွဲထားသည့် စစ်‌ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲများက စက်တင်ဘာလ ၂၀ ရက်နှင့် ၂၂ ရက်နေ့တို့တွင် တိုက်ခိုက်ခဲ့ကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ စက်တင်ဘာလ ၂၄ ရက်တွင် ထုတ်ပြန်သည်။

ထိုသို့တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သည် စက်တင်ဘာလ ၂၀ ရက်နေ့တွင် မောင်မယ်ရှောင်ရွာအဝင်ဘုရားနီးရှိ နေအိမ်များနှင့် စက်တင်ဘာလ၂၃ ရက်နေ့တွင် ရွာလယ်ပိုင်းရွာအရှေ့ပိုင်းတွင်ရှိသည့် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“ရွာလယ် ဇရပ်နားတဝိုက်ကနေ ရှို့ သွားတာ (ရွာ) အရှေ့ပိုင်းတစ်ကြောလုံးပဲ။ အိမ်ခြေဘယ်လောက်ပါသွားတယ်၊ ဘယ်သူ့အိမ် ပါသွားတယ်ဆိုတာမသိရသေးဘူး။ မနေ့က အလှူသွားရင်း ကိုယ့်အိမ်အနားက မီးခိုးလုံးတွေ တက်နေတာပဲ တွေ့တယ်။ မြင်ရတာ မကောင်းဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။

မီးရှို့ခံရသည့် နေအိမ်အရေအတွက်ကိုမူ Dawei Watch အနေဖြင့် ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

“ကိုယ့်အိမ် ရှိမရှိဆိုတာလည်း မသိတော့ဘူး။ ဘယ်တော့ (အိမ်) ပြန်ရမလဲဆိုတာလည်း မသိဘူး။ သားသမီးတွေကတော့ အားပေးရှာပါတယ်၊ ပြန်ရှာလို့ရတယ်အမေ ဆိုပြီး” ဟု မောင်မယ်ရှောင်ရွာမှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

မောင်မယ်ရှောင်ရွာတွင် ပြီးခဲ့သည့် ဧပြီလကစပြီး နှစ်ဖက်တိုက်ပွဲများ မကြာခဏဖြစ်လာသည့်အတွက်ကြောင့် ဒေသခံများမှာ ရွာလုံးကျွတ် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်။