BREAKING
January 12, 2025

သံဖြူဇရပ်မြို့ခံများကို စစ်ကောင်စီတပ် ဆက်တိုက်ဖမ်းဆီး

September 24, 2024

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့်ဆက်စပ်သည်ဟု စွပ်စွဲပြီး လူမှုကူညီရေး အသင်းဝင်များအပါအဝင် မြို့ခံများကို စစ်ကောင်စီတပ်တို့က ဆက်တိုက်ဖမ်းဆီးနေကြောင်း မြို့ခံတို့ထံမှ သိရသည်။

စက်တင်ဘာလ ၂၂ ရက်နေ့ ည ၉နာရီခန့်က သံဖြူဇရပ်မြို့၊ ကြံ့ခိုင်ရေးရပ်ကွက်နှင့် ကိုးနဝင်းရပ်ကွက်တို့တွင် နေထိုင်သည့် အသက် ၃၀နှစ်အရွယ် အရပ်သားအမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်တို့က အင်အားအလုံးအရင်းဖြင့် နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း မြို့ခံတို့က ပြောသည်။

အဆိုပါအမျိုးသားနှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ် PDF ကို ဆက်သွယ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ကြားသိရကြောင်း မြို့ခံတို့က ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့ညက သံဖြူဇရပ်မြို့ ပိုင်ရှင်မဲ့ ဟုအမည်ပေးထားသည့် လူမှုကူညီရေးအသင်း၏ ဥက္ကဋ္ဌ ဦးရဲမင်းထိုက်၊ ဦးဇော်ဝမ်း၊ ကိုရဲလှိုင်နှင့် အခြားအသင်းဝင် နှစ်ဦးတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။

ယင်းနောက် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းဝင် သုံးဦးကို စစ်ကောင်စီတပ်က နေအိမ်တွင် ထပ်မံဝင်ရောက် ဖမ်းဆီးသွားကြောင်း မြို့ခံတို့က ပြောဆိုသည်။

“သိသလောက်ကတော့ အခု ၁၀ ဦးမကတော့ဘူး ဖမ်းခံထိထားတာ။ ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းက လူတွေရောပေါ့။ လောလောဆယ်ကတော့ ဖမ်းခံထိထားတဲ့လူတွေကို ဝဲကလိစစ်ကြောရေးမှာ စစ်ဆေးနေတယ်လို့ သိရတယ်။ အခြား ဘာသတင်းမှတော့ တိတိကျကျ မသိရသေးဘူး။ ဆက်တိုက်ဖမ်းနေတော့ မြို့ကလူတွေကတော့ ကြောက်နေကြတာပေါ့” ဟု မြို့ခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံထားရများကို စစ်ကောင်စီတပ်က ဝဲကလိစစ်ကြောရေးစခန်းတွင် ထိန်းသိမ်းထားကာ စစ်ဆေးမေးမြန်းမှု လုပ်ဆောင်နေပြီး လက်ရှိအချိန်ထိ မိသားစုဝင်တို့နှင့် အဆက်အသွယ် မရသေးကြောင်း နီးစပ်သူတို့ထံမှ သိရသည်။

ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့ကလည်း လမိုင်းမြို့အခြေစိုက် လမိုင်းလူငယ်ပရဟိအဖွဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအပါအဝင် အဖွဲ့ဝင် ငါးဦးကို စစ်ကောင်စီတပ် ခမရ- ၅၈၈ က ဖမ်းဆီးခဲ့သေးသည်။

တော်လှန်ရေးတပ်ဖွဲ့တို့ကို ထောက်ပံ့သည်၊ ဆက်သွယ်သတင်းပေးသည် စသည့် စွပ်စွဲချက်တို့ဖြင့် မွန်ပြည်နယ်အတွင်းက မြို့နယ်ရဲတပ်ဖွဲ့မှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်များ၊ ရှေ့နေများ၊ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ သာမာန်အရပ်သား ပြည်သူများကို စစ်ကောင်စီတပ်က ဖမ်းဆီးမှုများဆက်တိုက်ပြုလုပ်လာခဲ့သည်။

အထူးသဖြင့် ရေး၊ သံဖြူဇရပ်၊ ပေါင်၊ ဘီးလင်း၊ ကျိုက်ထိုနှင့် သထုံမြို့နယ်အတွင်းက လူငယ်များ ဆက်တိုက် ဖမ်းဆီးခံနေရပြီး အချို့ကလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခံနေရသည်။

လဂွန်းအိမ်စာစဉ်၏ အချက်အလက်များအရ စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်း ဖမ်းဆီးခံရသူ ၁၀၀၀ ကျော်ရှိနေပြီး အများစုက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခံနေရကြောင်း သိရသည်။