BREAKING
January 12, 2025

ကျိုက်ထိုတွင် သားအဖနှစ်ဦး ပစ်သတ်ခံရ

September 24, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာတွင် စက်တင်ဘာလ ၂၃ ရက်နေ့ ညက သားအဖနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံတို့ထံမှ သိရသည်။

မုက္ခမူကျေးရွာတွင်နေထိုင်သည့် ဦးမြင့်အောင်ဆိုသူနှင့် သမီးဖြစ်သူ မဝင်းနုခိုင် (ခေါ်) မကေတို့ သားအဖနှစ်ဦးကို ယမန်နေ့ည ၈ နာရီခွဲခန့်တွင်သေနတ်သမားလေးဦးတို့က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး နေအိမ်အတွင်း ဝင်ရောက် ပစ်ခတ်သွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတို့ကပြောသည်။

ဦးမြင့်အောင်တို့ သားအဖနှစ်ဦးသည် သေနတ်ဖြင့် ရှစ်ချက်ခန့် ပစ်ခတ်ခံရပြီး အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးသွားကြောင်း ဒေသခံတစ်ဦးကဆိုသည်။

“အိမ်ထဲဝင်ပစ်သွားတာ။ သူတို့ သားအဖက ကြံ့ခိုင်ရေးပါတီဝင်တွေ ဟုတ်တယ်။ ဘာကြောင့် ဒီလိုလုပ်သွားလဲတော့ မပြောတတ်ဘူး။ ဒီဘက်မှာက ဒီလိုမျိုး ပစ်သတ်ခံနေရတာတော့ ခဏခဏပါပဲ။ တချို့ဆို ဘာအကြောင်းပြချက်မှမရှိဘဲ ပစ်သတ်ခံနေရတာတွေလည်း ရှိတယ်” ဟု ၎င်းဒေသခံက ပြောသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဦးမြင့်အောင်သည် ကြံ့ခိုင်ရေးပါတီ၏ ရပ်ကျေးအတွင်းရေးမှူးဖြစ်ပြီး သမီးဖြစ်သူ မဝင်းနုခိုင်မှ ကြံ့ခိုင်ရေးပါတီ၏လူငယ်ရေးရာအဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဦးမြင့်အောင်တို့ သားအဖကို မည်သူတို့က လာရောက်ပစ်ခတ်သွားသည်ကို အတည်မပြုနိုင်သေးပေ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် နီးစပ်သူ၊ ပူးပေါင်းသူ၊ စစ်ကောင်စီ သတင်းပေး ဆိုသူတို့အပြင် နိုင်ငံရေးပါတီဝင်များ မကြာခဏ ပစ်ခတ်ရှင်းလင်းခံရလေ့ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း သထုံမြို့နယ်၊ ဂေါ့ကျေးရွာက သထုံခရိုင်တရားရုံးဝန်ထမ်း ဒေါ်သင်းသင်းမြတ်နှင့် ခင်ပွန်းဖြစ်သူ ဦးကျော်ဟိန်းတို့နှစ်ဦးကို ပြည်သူဘက်တော်သား UG အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။