BREAKING
January 12, 2025

ဘင်္ဂလားဒေ့ရှ် သွေးထွက်သံယို အဓိကရုဏ်းကြောင့် စစ်တကောင်းဒေသခံများ ထွက်ပြေးနေရ

September 24, 2024

ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းရှိ စစ်တကောင်း တောင်တန်းဒေသများမှ ဒေသခံလူနည်းစုလူမျိုးစုဝင်များသည် ၎င်းတို့အပေါ် ပစ်မှတ်ထားတိုက်ခိုက်သည့် သွေးထွက်သံယို အဓိကရုဏ်းများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည်။

ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က ခါဂရာချာရီခရိုင်၊ ဒင်ဟင်နာလာ အရပ်တွင် ဘင်္ဂါလီအမျိုးသားတစ်ဦးကို ဆိုင်ကယ်ခိုးသူဟု စွပ်စွဲ၍ သက္ကမလူမျိုးစုဝင်များက အသက်သေသည်အထိ ရိုက်နှက်ခဲ့သောဖြစ်ရပ် ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်ရပ်၏ နောက်ဆက်တွဲဆန္ဒပြပွဲများနှင့် လူမျိုးရေးအဓိကရုဏ်းများ ပေါ်ပေါက်လာခဲ့သည်။ လူများစုဘင်္ဂါလီလူမျိုးစုဝင်များနှင့် လူနည်းစုသက္ကမလူမျိုးစုဝင်များအကြား သွေးထွက်သံယိုအဓိကရုဏ်းများကြောင့် အနည်းဆုံး လူ လေးဦး သေဆုံးခဲ့ပြီး ဆိုင်ခန်းပေါင်း ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် စစ်တကောင်းတောင်တန်းဒေသကြီးမှ ခါဂရာချာရီနှင့် ရန်ဂါမာတီခရိုင်များများတွင် လူနည်းစုလူမျိုးစုဝင်မိသားစုအမြောက်အများ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်သည်။

အခြား လူနည်းစုဘာသာဝင်များ ပိုင်ဆိုင်သည့် နေအိမ်နှင့် စီးပွားရေးလုပ်ငန်းများ၊ ဘုရားကျောင်း ဒါဇင်ပေါင်းများစွာ မီးရှို့တိုက်ခိုက်ခံရသည်။ ဒေသအတွင်းရှိ ဗလီများက လော်စပီကာမှ တစ်ဆင့် ဘင်္ဂါလီလူအုပ်ကြီး သွေးဆူလာရန် လှုံဆော်နေသည်ဟု မျက်မြင်များက ပြောသည်။

ဘင်္ဂလားဒေ့ရှ် စစ်တပ်နှင့် ရဲတပ်ဖွဲ့၏ တင်းတင်းကျပ်ကျပ် လုံခြုံရေးထိန်းသိမ်းမှုကြားမှာပင် ဒေသခံလူနည်းစုလူမျိုးစုဝင်များမှာ ကြောက်ရွံ့ထိတ်လန့်နေဆဲ ဖြစ်သည်။

ဘင်္ဂါလီအမျိုးသားတစ်ဦး အုပ်စုလိုက်သတ်ဖြတ်ခံလိုက်ရမှုက လူနည်းစုလူမျိုးစုဝင်များအပေါ် လက်စားချေတုန့်ပြန်သည့် အဓိကရုဏ်းများကို မီးမွှေးပေးလိုက်သည်ဟု အာဏာပိုင်များက ဆိုသည်။

လူနည်းစုဌာနေတိုင်းရင်းသားများ နေထိုင်ရာ ခါဂရာချဟာရီခရိုင်၊ ရန်ဂါမာတီခရိုင်၊ ဘာဒါဘန်ခရိုင်တို့တွင် လူနည်းစုလူမျိုးစုအုပ်စုအချို့က ၇၂ နာရီကြာ ကုန်းလမ်းရေလမ်း ပိတ်ဆို့မှု ပြုလုပ်ထားသည်။

အဆိုပါ ပိတ်ဆို့မှုကို ကျောင်းသားများက ဦးဆောင်ပြုလုပ်ခြင်း ဖြစ်သည်။ ယခုဖြစ်ပွားနေသည့် ပဋိပက္ခများအတွက် တာဝန်ရှိသူများကို အပြစ်ပေးအရေးယူပေးရန် တောင်းဆိုဆန္ဒပြမှုများလည်း ရှိနေသည်။

ခါဂရာချဟာရီနှင့် ရန်ဂါမာတီခရိုင်တို့တွင် အိမ်ပြင်မထွက်ရအမိန်နှင့် အလားသဏ္ဍာန်တူသည့် ပုဒ်မ ၁၄၄ ကို အာဏာပိုင်များက ထုတ်ပြန်ထားသည်။

Ref: CNA