မြိတ်တွင် အခေါက်ရွှေဈေး တစ်ကျပ်သား ကျပ်သုံးဆယ်ငါးသိန်းအောက်သို့ ယနေ့ (စက်တင်ဘာ ၂၄) ကျဆင်းသွားပြီဖြစ်ကြောင်း ဈေးကွက်အတွင်းမှသိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ လလယ်ခန့်က တစ်ကျပ်သားလျှင် ကျပ်သိန်းလေးဆယ်နားအထိ မြင့်တက်ခဲ့ရာမှ တဖြည်းဖြည်း ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။
စက်တင်ဘာလ ၇ ရက်နေ့တွင် သုံးဆယ်ခြောက်သိန်းအောက်သို့ ကျဆင်းလာပြီး ယနေ့တွင် သုံးဆယ်ငါးသိန်းအောက်(၃၄၉၅၀၀၀) ဖြစ်လာခဲ့ကြောင်း ရွှေဆိုင်အချို့က ပြောပြသည်။
“ရွှေဈေးတွေကျလာပြီဆိုတော့ အရောင်းအဝယ်လေးလည်း ရှိလာနေပါပြီ၊ ပေါက်ဈေးအတိုင်းလည်း ရောင်းပေးနေပါတယ်” ဟု ရွှေဆိုင်ရှင်တစ်ဦးက ပြောသည်။
တစ်ကျပ်သားလျှင် သုံးဆယ်ငါးသိန်းအောက်(၃၄၉၅၀၀၀)ဈေးသည် ရွှေဆိုင်မှ ရောင်းချသည့်ဈေးဖြစ်ပြီး ဆိုင်မှဝယ်ယူပါက ကျပ်နှစ်သောင်းမှ ငါးသောင်းအထိ ကွာဟလေ့ရှိကြောင်း ယင်းဈေးကွက်မှ သိရသည်။
စစ်ကောင်စီက ရွှေ၊ ဒေါ်လာဈေးနှင့် ကုန်ဈေးနှုန်းများ ကျဆင်းစေရန် ဖိအားပေးမှုများ ပြုလုပ်နေသည့်အတွက် ရွှေဈေးနှုန်းများလည်း ထပ်မံကျဆင်းလာနိုင်ကြောင်း ရွှေဆိုင်ရှင်အချို့က ခန့်မှန်းကြသည်။
တစ်ကျပ်သားလျှင် သိန်းလေးဆယ်နီးပါး ( ၃၉ သိန်းခြောက်သောင်း) အထိ မြင့်တက်သည့် အချိန်က အရောင်းအဝယ်ခေတ္တ ရပ်နားထားခဲ့ရကြောင်း ရွှေဆိုင်ရှင်အချို့က ပြောပြသည်။
“ဈေးတွေအဆမတန်တက်တော့ မရောင်းရဲကြ၊ မဝယ်ရဲကြလို့ပါ၊ ဈေးပြန်ကျလာပြီဆိုတော့ ပုံမှန်လို ရောင်းဝယ်လုပ်လို့ရတာပေါ့” ဟု ဆိပ်ငယ်ဈေးကြီးရှိ ရွှေဆိုင်ရှင်တစ်ဦးက ပြောသည်။
အာဏာမသိမ်းမီအချိန်က အခေါက်ရွှေတစ်ကျပ်သားလျှင် တစ်ဆယ်သုံးသိန်းဝန်းကျင်သာ ရှိခဲ့သည်။