ကိုယ်တို့ အထက်တန်းကျောင်းသား ဖြစ်လာချိန်မှာ ကိုယ်တို့ရွာတွေက ရေလုပ်သားတွေရဲ့ ငါးဖမ်းတဲ့ ပုံစံတွေ ပြောင်းလဲလာပါတယ်။ မူလက လှေငယ်လေးတွေနဲ့ ရွက်အားကိုး တက်အားကိုးပြီး ထမင်းဘူးကိုယ်စီယူကာ နေ့ချင်းပြန် ငါးဖမ်းတဲ့စနစ်ကနေ စက်လှေတွေနဲ့ တစ်လစာ ရိက္ခာဖြည့်ပြီး ရက်ရှည်ငါးဖမ်းထွက်တဲ့စနစ်ကို တဖြည်းဖြည်းနဲ့ ကူးပြောင်းလာခဲ့ပါတယ်။
တနည်းပြောရရင် ငါးအစိုကိုဖမ်းပြီး ကိုယ့်ဒေသမှာပဲ ရောင်းကြတဲ့စနစ်ကနေ ငါးခြောက်ကို ဈေးကွက်ရှိရာ တင်ပို့ရောင်းချတဲ့စနစ်ကို ပြောင်းလာခဲ့တယ်လို့ ပြောနိုင်ပါတယ်။ မိမိတို့ရဲ့ အရင်းအနှီး စိုက်ထုတ်နိုင်မှု အခြေအနေအရ မိရိုးဖလာလုပ်ကိုင်ခဲ့ကြတဲ့ နေ့ချင်းပြန် ငါးဖမ်းတဲ့ လုပ်ငန်းလေးတွေ တစ်ချို့လည်း ဒီနေ့ဒီအချိန်အထိ ဆက်ရှိနေဆဲပါပဲ။
ငါးစိုကို တိုက်ရိုက်ရောင်းတဲ့ အချိန်တုန်းကတော့ ဒီနေ့စားသောက်ဆိုင်ကြီးတွေမှာ ဈေးကြီးပေးပြီး ဝယ်စားနေကြရတဲ့ ပုစွန်၊ ကင်းမွန်၊ ကျောက်ပုစွန်တွေဆိုတာ အလကားတောင်းစားလို့ရတဲ့ အစားစားတွေ ပါ။ ကင်စား ဖုတ်စား အပျော်သဘောနဲ့ သရေစာအဖြစ် ဝိုင်းဖွဲ့စားကြတာပေါ့။ နောက်ပိုင်းမှ နိုင်ငံခြား ဈေးကွက်ဝင်အစားအစာ ဖြစ်သွားလို့ အလကားတောင်းစားဖို့ မဆိုထားနဲ့ တော်ရုံလူတွေတောင် အနားမသီ နိုင်တော့ပါဘူး။
စက်လှေတွေနဲ့ ရက်ရှည်ငါးဖမ်းမယ်ဆိုပါက ဖမ်းမိသမျှငါးတွေကို အခြောက်ဖြစ်အောင် လုပ်ကြရလို့ လူအင်အား ငွေအင်အား ပိုသုံးစွဲလာရတဲ့သဘော ဖြစ်ပါတယ်။
အကျိုးအမြတ်လည်း ပိုရလာသလို မတော်တဆ ဆုံးရှုံးမှုလည်း ရှိလာနိုင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။
ငါးကို ငါးမျှားချိတ်(ဒေသအခေါ် – မျှားစင်္ကြာ)နဲ့ ဖမ်းတဲ့လုပ်ငန်းရှိသလို ငါးဖမ်းပိုက်နဲ့ဖမ်းတဲ့ လုပ်ငန်းလည်းရှိပါတယ်။ ငါးမျှားချိတ်ရဲ့ ပုံစံနဲ့အရွယ်အစား အမျိုးမျိုးရှိသလို ငါးဖမ်းပိုက်မှာလည်း အရွယ်အစား အမျိုးမျိုးရှိပါတယ်။ ငါးဖမ်းတဲ့ ကိရိယာအပေါ်မူတည်ပြီး ဖမ်းမိတဲ့ ငါးတွေဟာလည်း အမျိုးအမည် အရွယ်အစား မတူကြပါဘူး။ ယေဘူယျအားဖြင့် ငါးမျှားချိတ်နဲ့ ဖမ်းတဲ့လုပ်ငန်းထက် ငါးဖမ်းပိုက်နဲ့ ဖမ်းတဲ့လုပ်ငန်းက အရင်းအနှီး ပိုကြီးပါတယ်။
မျှားစင်္ကြာ စက်လှေတစ်စီးမှာ အလုပ်သမားဦးရေ ခုနှစ်ယောက်လောက် ပါလေ့ရှိပါတယ်။ ငါးမျှားချိတ်ကို ပင်လယ်ကြမ်းပြင်နဲ့ထိအောင် အတန်းချပြီးဖမ်းရလို့ ပင်လယ်ရေအနက်ကြီးကို သွားစရာ မလိုတဲ့ ငါးဖမ်းနည်းဖြစ်ပါတယ်။ ငါးလိပ်ကျောက်ကို အဓိကဖမ်းဆီးတဲ့ လုပ်ငန်းဖြစ်ပေမဲ့ ငါးမန်း၊ လိပ်နဲ့ ပင်လယ်ကြမ်းပြင်မှာ ကျက်စားကြတဲ့ ငါးတွေကိုဖမ်းမိတာ များပါတယ်။
ငါးလိပ်ကျောက်ဟာ အရိုးပါစားလို့ရတဲ့ ငါးဖြစ်ပါတယ်။ သူ့ရဲ့အသားက ဈေးပေါပေမဲ့ ငါးလိပ်ကျောက်သားရေကိုတော့ လက်ကိုင်အိတ်နဲ့ အခြားလူသုံးကုန် ပစ္စည်းတွေလုပ်ရာမှာ သုံးကြလို့ ဈေးကြီးပါတယ်။ အခြားငါးခြောက်တွေလို ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ချက်နေစရာမလိုဘဲ ဒီအတိုင်း မီးဖုတ် ထုနှက် အသားကိုမွအောင်ဆွကာ ဆီဆမ်းပြီး ထမင်းပူပူနဲ့စားလို့ကောင်းတဲ့ ငါးခြောက်တစ်မျိုး ဖြစ်ပါတယ်။ မွန်ပြည်နယ်ဘက်မှာတော့ သရက်သီးနဲ့ချက်ပြီး သင်္ကြန်ထမင်းနဲ့စားရတဲ့ နာမည်ကြီး အစားအစာ ဖြစ်ပါတယ်။
ရှေးလူကြီးတွေက ငါးလိပ်ကျောက်အမြီးကို အခြောက်ခံအရောင်တင်ပြီး လက်နက်တစ်ခုအနေနဲ့ အသုံးပြုသလို သစ်သားအကြမ်းထည်တွေကို အချောထည်ဖြစ်အောင် ပွတ်တိုက်ရာမှာလည်း အသုံးပြု ကြပါတယ်။ ငါးလိပ်ကျောက် အမြီးမှာပါတဲ့ ဆူးဟာ ပရဆေးထုတ်လုပ်ရာမှာ သုံးကြတယ်လို့ သိရပါတယ်။ ဟုတ်မဟုတ်တော့ အသေအချာ မသိပါ။ ကိုယ်တိုင်တော့ ပရဆေးဆိုင်တွေမှာ အကြိမ်ကြိမ်သွားရောင်း ခဲ့ဖူးပါတယ်။
ငါးမန်းကျတော့ အသားထက် ငါးမန်းတောင်က ဈေးပိုရပါတယ်။ အမျိုးအမည်နဲ့ အရွယ်အစား လိုက်ပြီး တန်ဖိုးကွဲပြားခြားနား ပါတယ်။ အသားဈေးလည်း အတန်အသင့် ကောင်းပါတယ်။ ငါးလိပ်ကျောက်သားရေနဲ့ ငါးမန်းတောင်ကို သီးသန့်အရောင်းအဝယ် လုပ်ကြတဲ့သူတွေ ရှိကြပါတယ်။
ပင်လယ်လိပ်က အရအမိ နည်းပါတယ်။ အခြောက်လုပ်ပြီး ရောင်းရတဲ့အထိ ဈေးကွက်မရှိပါဘူး။ အိမ်နီးနားချင်းတွေကို ဟင်းစားပေးတဲ့ အဆင့်လောက်ပဲ ရှိပါတယ်။ “ဖွတ်ဥ လိပ်သည်း ကျွဲနို့ခဲ” ဆိုတဲ့ အတိုင်း စားကောင်းတဲ့ အသားဖြစ်ပါတယ်။ ဒေသမှာတော့ “ပင်လယ်အမဲသား”လို့ ခေါ်ကြပါတယ်။ လိပ်ဥဟာ လူကြိုက်များတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။
နောက်ပိုင်းကာလတွေမှာ ငါးမန်းနဲ့ လိပ်တွေကို မျိုးမတုံးအောင် ကာကွယ်တဲ့အနေနဲ့ မျှားစင်္ကြာ လုပ်ငန်းကို သက်ဆိုင်ရာက တားမြစ်လိုက်ပါတယ်။ အဲဒီအချိန်ကစပြီး မျှားစင်္ကြာ လုပ်ငန်းလည်း တဖြည်းဖြည်းတိမ်ကော ပျောက်ကွယ်သွားခဲ့ရပါတယ်။
တစ်ချိန်တည်းမှာ ငါးလိပ်ကျောက်လည်း ရှားပါးအစားအစာ ဖြစ်သွားခဲ့ရပါတယ်။ အခုတလော ငါးလိပ်ကျောက်စမတ်ဆိုပြီး စားသောက်ဆိုင်တွေမှာ ပြန်လည်ရောင်းချ စားသောက်လာကြတာကို တွေ့မြင်နေရပါတယ်။ ကိုယ်တွေရဲ့ငယ်ဘဝ တစ်လျှောက်မှာ ငါးလိပ်ကျောက်ကို ပုံစံအမျိုးမျိုးနဲ့ စားသောက်ခဲ့ရတာဖြစ်လို့ ငယ်ရည်းစားကို ပြန်တွေ့ရသလို ခံစားရပါတယ်။
ငါးဖမ်းပိုက်စက်လှေမှာလည်း ငါးဖမ်းကိရိယာရဲ့ အတိုင်းအရှည်အလိုက် အလုပ်သမားဦးရေဟာ ခုနှစ်ယောက်နဲ့အထက် ပါလေ့ရှိပါတယ်။ ရေပေါ်မှာ မျှောထားရတဲ့ ကိရိယာဖြစ်လို့ ရေနက်လေ ငါးဖမ်းဧရိယာကျယ်လေ ငါးပိုဖမ်းမိလေဆိုတဲ့ သဘောမျိုး ဖြစ်ပါတယ်။
ငါးဖမ်းစက်လှေအများစုက ဆိပ်ကမ်းအဝင်အထွက် စရိတ်သက်သာအောင် နီးစပ်ရာဘုတ်ကျွန်း တွေမှာ တဲထိုးပြီး စခန်းချ လုပ်ကိုင်ကြပါတယ်။ တစ်ရက်စာအတွက် ဖမ်းမိလာတဲ့ ငါးတွေကို ဘုတ်ကျွန်းက တဲစခန်းတွေမှာ ငါးခြောက်ဖြစ်အောင် လုပ်ငန်းစဉ်အဆင့်ဆင့် လုပ်ကြရပါတယ်။
ဖမ်းမိလာတဲ့ငါးတွေကို သင့်တော်သလို ခုတ်ထစ်ခွဲခြမ်းပြီး ပင်လယ်ရေနဲ့ ဆေးကြောရပါတယ်။ ရေဆေးပြီးတဲ့ ငါးတွေကို ဆားနဲ့နယ်ကာ အချိန်အတိုင်းအတာတစ်ခုအထိ နှပ်ထားရပါတယ်။ ငါးတွေကို ဆားဝင်ပြီလို့ ယူဆတဲ့အချိန်မှာ ပင်လယ်ရေနဲ့ ခပ်ပါးပါး ထပ်မံဆေးကြောပြီး အသင့်ဆောက်ထားတဲ့ ငါးလှမ်းစင်ပေါ်မှာ နေလှန်းရပါတယ်။ ငါးခြောက်မဖြစ်မချင်း အကြိမ်ကြိမ်လှမ်းနေရပါတယ်။ ငါးခြောက် လုပ်ငန်းစဉ်တွေအတွက် တစ်ချို့စက်လှေတွေက မိသားစုတွေပါ ဘုတ်ကျွန်းကို လိုက်ပါပြီး လုပ်ကိုင်ကြတာ မျိုးလည်း ရှိကြပါတယ်။
ကိုယ်တွေလည်း နွေရာသီကျောင်းပိတ်ချိန်တွေမှာ ဘုတ်ကျွန်းတွေကို လိုက်ပါပြီး ကူညီလုပ်ကိုင် ပေးခဲ့ရပါတယ်။ တစ်ချို့ဘုတ်ကျွန်းတွေဆို ငါးဖမ်းစက်လှေက မိသားစုတွေနဲ့ ရွာတွေလို ဖြစ်နေတတ် ပါတယ်။ တစ်လစာအတွက် ရိက္ခာကုန်သွားခဲ့ရင် ဒါမှမဟုတ် ငါးခြောက်တွေ စုမိနေပြီလို့ ယူဆရင် ရွာကိုပြန်ကြရပါတယ်။
ပင်လယ်ငါးဖမ်းတဲ့ သူတွေရဲ့ဘဝတွေက အချိန်ပြည့် အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့လုပ်ငန်းပါ။ ကိုယ့်ရဲ့အစ်ကိုကြီးတစ်ယောက်ဟာ အသက်(၂၀)အရွယ် လူပျိုဘဝနဲ့ ပင်လယ်ထဲမှာ စက်လှေနစ်လို့ အသက်ဆုံးရှုံးခဲ့ရပါတယ်။ ရာသီဥတု ဆိုးဝါးဖောက်ပြန်လာရင် လူရော ငါးဖမ်းကိရိယာတွေပါ အချိန်မရွေး ဆုံးရှုံးသွားနိုင်ပါတယ်။ အရင်ခေတ်ကတော့ ပင်လယ်ဓမြရန်လည်း ရှိပါသေးတယ်။
အခုတော့ ဘုတ်ကျွန်းတွေမှာ စစ်တပ်ဘက်က စစ်စခန်းတွေချပြီး နေရာယူလာကြတာကြောင့် ငါးဖမ်းစက်လှေတွေ အရင်ကလို အလွယ်တကူ စခန်းချပြီး ငါးဖမ်းတဲ့အလေ့အထ မရှိတော့ပါဘူး။ စက်လှေတွေကိုယ်တိုင် ငါးတွေရှားပါးလာလို့ ပိုဝေးလံတဲ့ ငါးဖမ်းကွက်တွေဆီ ပြောင်းရွေ့သွားကြ တာလည်း ဖြစ်နိုင်ပါတယ်။
ကိုယ့်ရဲ့အစ်မတစ်ယောက်က ငါးဖမ်းစက်လှေလုပ်သူတွေကို အရင်းအနှီးထုတ်ချေးပြီး ရလာတဲ့ ငါးခြောက်တွေကို ဒိုင်ခံဝယ်တဲ့ အလုပ်ကိုလုပ်ပါတယ်။ နွေရာသီဆိုရင်တော့ ဝယ်ထားတဲ့ ငါးခြောက်တွေကို အခြောက်မှန်အောင် နေပူပူမှာ ထပ်လှမ်းရပါတယ်။ ပြီးတော့မှ ငါးခြောက်တွေကို မျိုးတူရာခွဲပြီး သတ်မှတ်ထားတဲ့ အလေးအချိန်အတိုင်း ထက်ခြမ်းခွဲထားတဲ့ ဂုံနီအိတ်တွေထဲ ထည့်လိပ်ကာ ဈေးကွက်ကို တင်ပို့ရပါတယ်။
ငါးဖမ်းလုပ်ငန်း ရပ်နားနေတဲ့ မိုးရာသီအတွက်တော့ တပေါင်းလ၊ တန်ခူးလ လောက်ကတည်းက ငါးခြောက်တွေကို များများဝယ်စုထားရပါတယ်။ ဝယ်ထားတဲ့ငါးခြောက်တွေကို အခြောက်မှန်အောင် လုပ်ပြီး တာရှည်အထားခံဖို့အတွက် လေလုံတဲ့သစ်သားပုံးကြီးတွေနဲ့ ထည့်ပြီးသိုလှောင်ထားရပါတယ်။
ပြီးတော့မှ ဈေးကွက်ကိုကြည့်ပြီး ထုတ်ရောင်းတာပါ။ ဈေးကွက်ကတောင်းဆိုတဲ့ ငါးခြောက်တွေ ကတော့ ငါးလိပ်ကျောက်၊ ငါးမဲလုံး၊ ငါးကွန်းရှပ်၊ ငါးမန်း၊ ငါးရောင်၊ ငါးပုပ်ခြောက် စတာတွေ ဖြစ်ပါတယ်။ အခြားငါးခြောက်တွေကိုလည်း ဈေးကွက်က တောင်းဆိုလာတာမျိုး ရှိတတ်ပါတယ်။ အဓိက တင်ပို့တဲ့ ဈေးကွက်တွေက မော်လမြိုင်မြို့နဲ့ ရန်ကုန်မြို့တွေ ဖြစ်ပါတယ်။
ဧသုနိုင်
ဆက်လက်ဖော်ပြပါမည်။