၁။ ကိုဗစ်ကာလ သတင်းစကားအမှားများ
“မနေ့ညက ကောလိပ် ကုက္ကိုဘုန်း ကြီးကျောင်းရှေ့မှာ ဝါးလုံးတွေနဲ့ ပိတ် လိုက်ပြီတဲ့”
“တစ်နေ့က ဝန်ထမ်းအိမ်ရာမှာ ပိုးတွေ့လူနာ လာခေါ်သွားသတဲ့”
“ညနေတုန်းက ငြိမ်းချမ်းသာယာ ၂ လမ်းမှာ လမ်းပိတ်လိုက်ပြီတဲ့”
“ညက ရေကန်ဘောင်မှာ လူနာတင်ယာဉ်နဲ့ ပိုးတွေ့လို့ လာခေါ်သလား မသိဘူး၊ ကြားရသတဲ့”
ကြားရတယ်လို့ ပထမတစ်ဆင့် စကားကနေ နောက်လူတွေဆီ လက်ဆင့်ကမ်းတဲ့အခါ အကြားကနေ ဖြစ်သယောင်တွေ ဖြစ်ပြီး ထင်ယောင်မှားနဲ့ ချောက်ချား စရာသတင်းစကား အမှားတွေ ဖြစ်လာ တတ်ကြတာ မလွဲပါဘူး။
တစ်နိုင်ငံလုံး ပိုးတွေ့လူနာများလာ၊ သေနှုန်းတွေ မြင့်လာတဲ့ အချိန်ကျမှ အဲသည်အချိန်မတိုင်ခင်က မကြောက်မရွံ့ လမ်းသလားနေတဲ့ သူတွေကလည်း အဲသည် ကြောက်ပါတယ်ဆိုတဲ့ သတင်းစကား မက်ဆေ့ချ်ကို အိမ်မှာနေရင်း လိုင်းပေါ်က တစ်ဆင့် ဖြန့်တာ ဖြစ်ဖြစ်၊ ဆွေနီးမျိုးစပ် တွေဆီ လမ်းသလားရင်း တိတ်တိတ်တိုးတိုး ပြောရင်းက တစ်ဆင့်စကားတွေ ကားသွားတဲ့အခါ အကြောက်တရားဟာ ပတ်ဝန်းကျင်ဆီ အလျင်အမြန် လွှမ်းခြုံ သွားပါတော့တယ်။
အမှန်က ကောလိပ် ကုက္ကိုဘုန်းတော်ကြီးကျောင်းရှေ့မှာ ကွန်ကရစ်ခင်းတာ မခြောက်သွေ့သေးလို့ ဝါးလုံးတွေ တားထားတာကို ညဘက် မြင်ချင်ရာမြင်ပြီး ပြောဆိုတာဖြစ်သလို ဝန်ထမ်းအိမ်ရာမှာက ပိုးတွေ့သူနဲ့ တစ်ရက်တည်း လေယာဉ်စီး လာမိသူကို ပိုးရှိသူနဲ့ ပဏာမ ထိတွေ့သူ (Primary Contact) အနေနဲ့ ကွာရန်တင်းထားဖို့ လာခေါ်တာသာဖြစ်ပြီး ကိုဗစ်-၁၉ ပိုးတွေ့လို့ လာတာမဟုတ်။ ငြိမ်းချမ်း သာယာမှာလည်း ပိုးတွေ့သူနဲ့ ထိတွေ့မှု ရှိထားသူကို လာရှာတာကို သတင်းစကား အမှားက ချဲ့ကားသွားရတာ၊ ရေကန်ဘောင် မှာလည်း ပိုးတွေ့သူရဲ့ ပဏာမထိတွေ့ သူကို လာခေါ်ပြီး ကွာရန်တင်းထားဖို့နဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်ယူဖို့ စီစဉ်တာကို ဂဃဏနမသိဘဲ မြင်ကြရသူတွေက သတင်းစကားအမှားတွေ ဖြန့်မိတာ ဖြစ်ပါတယ်။ ကိုဗစ်ကာလမယ် အဲသည် သတင်းစကားအမှားတွေနဲ့ အကြောက်တရားတွေဟာ လမ်းလွဲကို ရောက်စေပါတယ်။
၂။ သတင်းအချက်အလက်များနှင့် ပြည်သူတို့ သိလိုမှု
နောက် တာဝန်ရှိသူတွေဘက်က မှန်ကန်တဲ့ သတင်းနဲ့ အချက်အလက်တွေကို အချိန်နဲ့ တစ်ပြေးညီ မထုတ်ပြန် ပေးနိုင်ခြင်းက အားနည်းချက်လို့ ဆိုနိုင်တယ်။ သည်လို အကြောက်တရားတွေနဲ့ သတင်းအမှန်တွေ အချိန်မီသိလိုစိတ်နဲ့ သတင်း ငတ်မွတ်နေတဲ့ အချိန်မယ် တိကျမှန်ကန်တဲ့သတင်း အချိန်မီမရကြတဲ့အတွက် ဖုန်းရှိကြသူတိုင်းသည် ခုမြင်၊ ခုရိုက်၊ ခုလိုင်းပေါ်တင်ကြရင်း လူတိုင်း လူတိုင်း ပြည်သူ့ကြားက သတင်းသမားတွေရယ်လို့ ဖြစ်လာတဲ့ သည်နည်းပညာခေတ်မှာ တွေ့သမျှ ဓာတ်ပုံရိုက်ပြီး ထင်ရာမြင်ရာ သတင်းအမှားတွေ ဝေမျှမှုရဲ့ သားကောင်တွေအဖြစ် ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ကြရသူ လူနာတွေဟာ အများ ရဲ့ သိလျက်တစ်မျိုး၊ မသိဘဲတစ်ဖုံ လူ့အခွင့်အရေး ချိုးဖောက် စော်ကားမှုတွေ ခံလာကြရတာကလည်း သည်ဘက် ကိုဗစ်ကာလ ဒုတိယလှိုင်းမှာ ပိုမိုလာကြပါတယ်။
၃။ ကာကွယ်ခြင်းသည် ကူးစက်ရောဂါ ကူးစက်မှု ဖြတ်တောက်ခြင်းအတွက် အဓိက
ဆိုပါစို့၊ ကိုဗစ်ကာလမှာ ကြောက် ကြောက် ကြောက်ကြဆိုလို့သာ ကြောက်နေကြပေမဲ့လို့ ဘာအတွက် ကြောက်ကြတယ်၊ ဘာကြောင့် ကူးစက်တယ်၊ ဘယ်လို ကာကွယ်လို့ရတယ်ဆိုတာ အမှန်အကန် သိသူ ရာနှုန်း အတော့်ကိုပဲ နည်းပါတယ်။ အိမ်မှာနေကြ၊ လမ်းမထွက်ကြနဲ့၊ မျက်နှာ အကာအကွယ် တပ်ကြ၊ မကြာခဏ စနစ်တကျ လက်ဆေးကြ ဆိုတဲ့ အချက်အလက်ကို သိကြပေမဲ့ ဘာကြောင့် လုပ်ဆောင်ကြသင့်ပါတယ် ဆိုတဲ့ အကြောင်းရင်းကို ဂဃနဏ သိသူရှားပါတယ်။ သိကြသူတွေသော်မှ တိတိကျကျ လိုက်နာကြသူက တဖန် ရှားပြန်ပါတယ်။ ကိုဗစ်ကာလ အခက်အခဲတွေ စိန်ခေါ်မှုတွေက အဲသည်အရာတွေပါပဲ။
အသိခေါက်ခက် အဝင်နက်ကြတာ အကြောင်းရင်းခံဖြစ်ပြီး ဆင်းရဲမွဲတေမှုနဲ့ ပညာရည်နိမ့်ကျမှု၊ စီးပွားရေး မပြေ လည်မှုတွေက နောက်ထပ် အကြောင်း တရားတွေဖြစ်တယ်။
ရောဂါဘေးထက် ဝမ်းစာရေးကို ပိုကြောက်နေကြလေတော့ ပိုးဖလံမျိုး အကာအကွယ် မျက်နှာဖုံးမပါ၊ လက်မဆေးကြပါဘဲ နေ့တဓူဝ ဝမ်းစာရေးရှာ ကြဖွေကြဖို့ရာ YBSပေါ် တိုးတက်ကြရင်းက ရန်ကုန်မြို့မှာ အကြီးအကျယ်ကူးစက်ခံကြရခြင်းဖြစ်တယ်။ ကြောက်ကြရမှာ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ ရုတ်တရက် အသက်ရှူလမ်းကြောင်းကို အန္တရာယ် ဖြစ်စေတဲ့ ရောဂါပိုး ကူးစက်မှုကို ဖြစ်ပေမဲ့လို့ လွမ်းရေးထက် ဝမ်းရေးခက်သလို သည်ရောဂါထက် ဝမ်းစာရေးက ပိုလို့ ဆိုးနေလို့ မကြောက်မရွံ့ကြသလို ဖြစ်နေရပါတယ်။
သည်ကူးစက်မှုကို ကုသခြင်းထက်၊ ကာကွယ်ခြင်းကပဲ အထိရောက် ဆုံးဖြစ်တယ်။ ကာကွယ်ကြရာမယ် လူစုလူဝေးရှောင်ရှားဖို့၊ အိမ်မှာနေဖို့၊ မျက်နှာ အကာအကွယ်တွေ တပ်ဖို့၊ လက်ကိုစနစ်တကျဆေးကြောဖို့ စတဲ့ အချက်တွေကို လိုက်နာရင်ကိုပဲ သည် ရောဂါဆိုးကို ကာကွယ်နိုင်တာ ဖြစ်ပေမဲ့လို့ မလိုက်နာလို၊ မလိုက်နာကြခြင်းဟာ သည်နေ့ ဒုတိယလှိုင်းရဲ့ ကူးစက်မှု မြန် ဆန်ရခြင်းရဲ့ အကြောင်းရင်းခံ တစ်ချက်ဖြစ်တယ်လို့ ဆိုချင်တယ်။ သည်အချက်အလက်တွေကို သိပြီး လိုက်နာကြဖို့ သည် သာမန်ပြည်သူတွေအတွက် လုံလောက်ပေမဲ့ ပြည်သူတွေရဲ့ သတင်းအချက်အလက်သိလိုမှုသည် သည်မျှ မကပါဘူး။
တစ်နေ့ ပိုးဘယ်မျှတွေ့နေပြီ၊ ဘယ်နှယောက် သေဆုံးရပြီကအစ ဘယ်ရပ်ကွက်၊ ဘယ်မြို့နယ်၊ ဘယ်လမ်းက ဘယ်သူ ဘယ်သို့ စတာတွေကို သိလို၊ ကြားလိုတာအပြင် မျှဝေလိုကြတာကလည်း ပြည်သူတွေရဲ့ သည်ကိုဗစ် -၁၉ အပေါ် စိတ်ဝင်တစားရှိကြမှုကို ပြပါတယ်။ အဲသလိုပဲ သည်ရောဂါ ကာကွယ်နှိမ်နှင်းရေးအတွက် ဘာတွေ လုပ်နေတယ်။ ဘာတွေ စီစဉ်နေတယ်၊ ဘယ်လိုတွေ လုပ်ဆောင်နေကြတယ် ဆိုတာတွေကိုလည်း စေ့ငုလိုစိတ်တွေ ရှိကြပြန်တယ်။
၄။ ပြည်သူတွေ သိသင့်တဲ့ အဓိပ္ပာယ် သတ်မှတ်ချက်တွေ
အချို့ အချက်အလက်တွေဟာ ပြည်သူတွေ သိသင့်သိထိုက်တဲ့ အချက်တွေ ဖြစ်ပေမဲ့လို့ ပြည်သူ တွေ မဆိုထား နဲ့ သည်ရောဂါ ကာကွယ်တိုက်ဖျက်ရေးမှာ ကူနေကြပါတယ်ဆိုတဲ့ စေတနာ့ ဝန်ထမ်းတွေသော်မှ သေချာ မသိကြတဲ့ စကားလုံးလေးတွေ ရှိတယ်။
(က) သံသယ လူနာ (Suspected Case)
လူနာသည် အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါ လက္ခဏာများဖြစ်သည့် ဖျားခြင်း၊ ချောင်းဆိုးခြင်း ရှိပြီး ရောဂါဖြစ်ပွားနိုင်သည့်အကြောင်းရင်းကို တိကျစွာဖော်ထုတ်နိုင်မှု မရှိ ခြင်း၊ အဆိုပါလူနာသည် ရောဂါလက္ခဏာ များမပေါ်ပေါက်မီ ၁၄ ရက်အတွင်း ရောဂါပိုးကူးစက်နေသည့် နိုင်ငံများ၊ ဒေသတွင်း ကူးစက်မှုရှိနေသည့် မြို့များသို့ ခရီးသွားရာဇဝင်ရှိခြင်း သို့မဟုတ် နေထိုင်သူ
သို့မဟုတ်
လူနာသည်အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ လက္ခဏာများရှိနေပြီး ရောဂါ လက္ခဏာများ မပေါ်ပေါက်မီ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာ သို့မဟုတ် ကိုဗစ် ဖြစ်နိုင်ချေ၊ ရှိနိုင် ချေရှိသူနှင့် ထိတွေ့မှု ရှိခဲ့ဖူးသူ
သို့မဟုတ်
လူနာသည် လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ လက္ခဏာများရှိနေပြီး အခြေအနေအရ ဆေးရုံတင်ကုသရန် လိုအပ်နေခြင်း၊ ယင်း ရောဂါလက္ခဏာများ ဖြစ်ရသည့်အကြောင်းရင်းကို တိတိကျကျ မဖော်ထုတ်နိုင်လျှင် ယင်းလူနာကို သံသယ လူနာ (Suspected Case)) အဖြစ်သတ်မှတ်သည်။
(ခ) ရောဂါ ဖြစ်ပွားနိုင်ချေရှိသော လူနာ
လူနာ၏ဓာတ်ခွဲနမူနာများမှ ကိုဗစ်- ၁၉ ဗိုင်းရပ်စ်ပိုးအား ဓာတ်ခွဲစစ်ဆေးရာတွင် တိတိကျကျ ဖော်ထုတ်နိုင်ခြင်းမရှိသူ သို့မဟုတ် အကြောင်းအမျိုးမျိုးကြောင့် ဓာတ်ခွဲစစ်ဆေးနိုင်ခြင်းမရှိသူ သံသယ လူနာများအား ရောဂါပိုးဖြစ်ပွားနိုင်ချေရှိသူ အဖြစ်သတ်မှတ်သည်။
(ဂ) အတည်ပြုလူနာ (Confirm Case)
အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ လက္ခဏာများရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကိုဗစ်-၁၉ ရောဂါပိုးအား ဓာတ်ခွဲစစ်ဆေးအတည်ပြုပါက ရောဂါပိုးတွေ့လူနာ အဖြစ်သတ်မှတ်သည်။
(ဃ) အတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့သူ
(Closed Contact or Primary Contact)
အနီးကပ် ထိတွေ့သူ (Closed Contact)ဆိုသည်မှာ အတည်ပြုလူနာနှင့် ရောဂါလက္ခဏာမပြမီ နှစ်ရက်နှင့် ရောဂါ လက္ခဏာပြပြီး ၁၄ ရက်အတွင်း အနီးကပ် ထိတွေ့နေထိုင်ခဲ့ကြသူများကိုဆိုလိုသည်။
ယင်းတို့တွင်-
၁။ တစ်ကိုယ်ရေ ရောဂါကာကွယ်ရေး ပစ္စည်းများ (PPE) မပါဘဲ လူနာအား ပြုစုခဲ့ဖူးသူ ကျန်းမာရေးဝန်ထမ်းများ။
၂။ လူနာနှင့် နေရာတစ်ခုတည်းတွင် အနီးကပ် နေထိုင်ခဲ့ကြဖူးသူများ၊ အတူနေမိသားစုဝင်များ၊ အနီးကပ်နေထိုင်ခဲ့ဖူးသည့် အခြားမိသားစုဝင်များ၊ အိမ်နီးချင်းများ၊ ဧည့်သည်များ၊ လုပ်ဖော်ကိုင်ဘက်များ၊ အတန်းသူအတန်းသား၊ ဆရာဆရာမများ။
၃။ ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာ (သို့မဟုတ်) ကိုဗစ်-၁၉ ရောဂါ ဖြစ်နိုင်ချေရှိသော လူနာနှင့် အကွာအဝေး တစ်မီတာအတွင်း ၁၅ မိနစ် ကျော်ခန့် ထိတွေ့ခဲ့ဖူးသူ။
၄။ လေယာဉ်၊ ကား၊ ရထား၊ သင်္ဘောပေါ်တွင် အတည်ပြုလူနာနှင့် တစ်မီတာအတွင်း အတူတကွ စီးနင်းလိုက်ပါခဲ့ကြဖူးသူများ။
၅။ အလုံပိတ်အခန်း တစ်ခုအတွင်း လူနာနှင့် အနည်းဆုံး နှစ်နာရီခန့် အတူရှိခဲ့ကြဖူးသူများပါဝင် ပါသည်။
Closed Contact ဖြစ်ပြီ ဆိုရင် –
အနီးကပ်ထိတွေ့ခဲ့ဖူးသူ ဆိုပါက လုပ်ဆောင်ဖို့ အောက်ပါအတိုင်း လမ်းညွှန်ထားပါတယ်။ အနီးကပ် ထိတွေ့ခဲ့ဖူးသူကို အခြားပတ်ဝန်းကျင်နဲ့ နီးကပ်မှုမရှိ ဘဲ သီးခြား ဖြစ်ပြီး စည်းကမ်းလိုက်နာနိုင်သူဖြစ်ပါက နေအိမ်တွင် ထားရှိပြီး အသွားအလာ ကန့်သတ်ပိတ်ပင် (Home Quarantine) ထားပြီး လိုအပ်ပါက သင့်တော် သောနေရာမှာ ဖြစ်စေ၊ ဆေးရုံမှာ ဖြစ်စေ ထားရှိလျက် အသွားအလာ ကန့်သတ်ပိတ်ပင်ခြင်း (Facility Quarantine, Hospital Quarantine) ဆောင်ရွက် ရန်သတ်မှတ်ပြီး အချိန်ကာလကို လူနာနဲ့ နောက်ဆုံး ထိတွေ့ခဲ့တဲ့နေ့ကနေ ၁၄ ရက်အတွင်း သတ်မှတ် စောင့်ကြည့်ဆောင်ရွက်ဖို့။ လူနာကို Closed Contact Form ပါအချက်အလက်တွေ မေးမြန်း ဖြည့်သွင်းပြီး လိုက်နာရမယ့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို သေချာရှင်းပြပြီး လိုက်နာရေးအတွက် တိုက်တွန်း ကြပ်မတ်ကြရပါတယ်။
သည်လို အဓိပ္ပာယ်သတ်မှတ်ချက်တွေနဲ့ အညီ လုပ်ငန်းလမ်းညွှန်အတိုင်းလုပ်ဆောင်ကြရတဲ့အခါ အများပြည်သူတွေအနေနဲ့ သေချာကျနစွာ သဘော မပေါက်တဲ့အခါ ပိုးတွေ့လူနာမှန်း၊ သံသယလူနာမှန်း သေချာ မသိပါဘဲ လူမှုကွန်ရက်တွေအပေါ် မျှဝေကြ ဝေဖန်ကြ၊ ပိုးတွေ့လူနာနဲ့ ထိတွေ့ဆက်ဆံခဲ့ဖူးတဲ့ အနီးကပ်ထိတွေ့သူကို ရှာဖွေဖော်ထုတ်ပြီး စစ်ဆေး နေကြရုံမျှနဲ့ သတင်းအမှားတွေ ဖြန့်ဝေကြ၊ အနီးကပ် ထိတွေ့သူ အဓိပ္ပာယ်သတ်မှတ်ချက်ကို ဂဃဏန မသိပါဘဲ အနီးကပ် ထိတွေ့သူ ဟုတ်သည်ဖြစ်စေ မဟုတ် သည်ဖြစ်စေ ထိတွေ့ခဲ့ဖူးတယ် ဆိုကာမျှနဲ့ ထိတွေ့ခဲ့ဖူးသူတွေကို ရပ်ကွက်ထဲ လက်မခံလိုကြတာ စသဖြင့် အရပ်ထဲမှာ များစွာသော အဖြစ်အပျက်တွေကို တွေ့ရ ကြုံရ၊ ကြားနေကြရပြန်ပါတယ်။ တစ်ပြိုင်တည်း ခွဲခြားဆက်ဆံကြ ပြစ်တင်ဝေဖန်ကြ Victim Blaming ပြုလုပ်တာ ခံကြရပြန်တယ်။
(၅) ကိန်းဂဏန်းများနှင့် စိတ်ဖိစီးမှုများ
ကိုဗစ်ကာလမှာ လူတိုင်း စိတ်ဖိစီးမှုနဲ့ လူမှု ဒုက္ခတွေ အနည်းနဲ့အများရင်ဆိုင်ကြရပါတယ်။ ရှစ်လကျော် ကြာခဲ့ပြီဖြစ်တဲ့ သည်ရောဂါပိုးကူးစက်မှုဟာ ကမ္ဘာ့ ကပ်ရောဂါ ကူးစက်မှု Pandemic အဖြစ် ကြေညာထားခဲ့တာကို သည်နေ့အထိ မရုပ်သိမ်းနိုင် သေးပါဘူး။
မြန်မာနိုင်ငံမှာလည်း ကိုဗစ်ရဲ့ ပထမလှိုင်းမှာ အထိမနာခဲ့ပေမဲ့လို့ သည်နေ့ ဒုတိယလှိုင်းရဲ့ ရိုက်ခတ် မှုမှာ အတော်အထိနာပါတယ်။ သည်နေ့မနက် ထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံမှာ ပိုးတွေ့ အတည်ပြုလူနာပေါင်း ၄၀၄၃ ရှိခဲ့ပြီဖြစ်ပြီး အဲသည်ကမှ ၆၀ ဦးအထိ သေဆုံးခဲ့ရပြီးဖြစ်တယ်လို့ သိရပါ တယ်။
မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ကူးစက်မှု မှတ်တမ်း မှတ်ရာတွေအရ မတ်လ ၂၃ မှာ ပထမဆုံး ပိုးတွေ့ အတည်ပြု လူနာတွေ့ခဲ့ရတယ်။ စက်တင်ဘာလ ၃ ရက်နေ့မှာ ပိုးတွေ့သူ လူနာ ၁၀၅၈ ဦးရှိလာခဲ့ပြီး သေဆုံးသူ ခြောက်ဦးရှိခဲ့ရာမှ စက်တင်ဘာလ ၁၀ ရက်နေ့မှာ ပိုးတွေ့လူနာ ၂၀ဝ၉ ဦးနဲ့ သေဆုံးသူ ၁၄ ဦး၊ စက်တင်ဘာ ၁၄ မှာ ပိုးတွေ့သူ ၃၀၁၅ ဦးနဲ့ သေဆုံးသူ၂၄ ဦး၊ စက်တင်ဘာ ၁၇ မှာ ပိုးတွေ့သူ ၄၀၄၃ ဦးမှာ သေဆုံးသူ ၆၀ ဦးရှိလာခဲ့ပြီးဖြစ်တယ်။
အချက်အလက်တွေကို သုံးသပ်ရရင် ပထမ ပိုးတွေ့သူ တစ်ထောင်ပြည့်ဖို့ ၁၆၄ ရက်ကြာခဲ့ပြီး ခြောက်ဦး ဆုံးပါးခဲ့တယ်။ ဒုတိယ တစ်ထောင်ပြည့်ဖို့ မှာတော့ ခုနစ်ရက်ပဲကြာပြီး ရှစ်ဦးသေဆုံးခဲ့ရတယ်။ တတိယ တစ်ထောင်ပြည့်ဖို့ လေးရက်ပဲကြာပြီး ၁၀ ဦးသေဆုံးခဲ့ရတယ်။ စတုတ္ထတစ်ထောင်ပြည့်ဖို့ သုံးရက်ပဲကြာပြီး ၃၆ ဦး သေဆုံးခဲ့ရလို့ ကိန်းဂဏန်းနဲ့ အချက်အလက်တွေအရ စိုးရိမ်စရာဖြစ်ပါတယ်။
(၆) ထွက်ပေါက်မရှိ ပြည့်ကျပ်နေသည့် စိတ်ခံစားမှုများ
သည်အနေအထားမှာ ကျန်းမာရေးဌာနတွေ ဘက်ကလည်း ဝန်ပိကြတယ်။ ပေါ်လစီအရ ပိုးတွေ့သူ အားလုံးကို ရောဂါပိုးကူးစက်ပြန့်ပွားမှုက ထိန်းချုပ်နိုင်ဖို့ရာ ဆေးရုံတင်ပြီး အနီးကပ်ပြုစုစောင့်ရှောက်မှု ပေးကြတယ်။
လူနာနည်းတဲ့အချိန်မှာ အဲသည် ကူးစက်ရောဂါ ကုသရေးဆေးရုံတွေမှာ အခက်အခဲမရှိဘူး။ သေဆုံး လောက်အောင် ပြင်းထန်တဲ့ လူနာတွေကလည်း နည်းပါတယ်။ ခုအနေအထားနဲ့ ကူးစက်မှုမှာ လူနာ ဦးရေက မျှော်မှန်းတာထက် မတန်တဆ ဆတိုးများ ပြားလာသလို ရှိရင်းစွဲ ကျန်းမာရေး ဝန်ထမ်းတွေမှာလည်း Closed Contact တွေအဖြစ် နားရတာတွေများ လာတယ်။
မနေ့က တစ်ရက်တည်းမှာပဲ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်လူနာဌာနမှာ ရောဂါပိုး တွေ့နိုင် ချေရှိသူ သံသယနဲ့ ရောဂါရှာဖွေဆဲလူနာ (Patient Under Investigation) ပေါင်း ၁၂ ယောက်မှာ ရှစ်ယောက်က ပိုးတွေ့လူနာ ဖြစ်နေခဲ့တယ်လို့ မြေပြင်မှာ အမှန်လက်တွေ့ အလုပ်လုပ်နေတဲ့ တာဝန်ခံ ဆရာဝန် ကြီးတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။
သည်အနေအထားနဲ့ ပိုးတွေ့နေပေမဲ့လို့ အခန်းကို စနစ်တကျ အသေးစိတ် ပိုးသတ်ဖို့(Fumigation) မလုပ်နိုင်ပါဘဲ၊ အချိန်မပေးနိုင်ခဲ့ဘဲ အဆက်မပြတ် ရောက်နေတဲ့ လူနာတွေကို ကြည့်နေကြရတယ်လို့ ဆိုတယ်။ ပြင်းထန် လူနာတွေဖြစ်ရင် လိုအပ်လာတဲ့ အောက်ဆီဂျင်နဲ့ အသက်ရှူအားကူစက်တွေအပြင် လူအင်အားပါ ပိုသုံးလာရလေတဲ့အခါ သာမန် ပိုးတွေ့ လူနာတွေကို ပြုစုကုသမှုမှာ လစ်ဟာမှုတွေ ရှိလာကြတယ်။
သည့်အတွက် ကျန်းမာရေးဝန်ထမ်းတွေဘက်က ရော လူနာတွေ ဖြစ်တဲ့ ပြည်သူတွေဘက်ကပါ အကဲ ဆတ်တဲ့ စိတ်ခံစားမှုပါတဲ့ တုံ့ပြန်မှုတွေ ကြားသိ မြင်လာကြရပါတယ်။ သည့်အတွက်လည်း လူမှု ကွန်ရက်ပေါ်မှာ ပွတ်တိုက်မှုတွေ ဖြစ်ပြီး ကျန်းမာရေး ဘက်ကရော၊ ပြည်သူတဖြစ်လဲ လူနာတွေ ဘက်ကပါ စိတ်ခံစားချက်တွေ ပေါက်ကွဲတာ တွေ့လာကြရပြန် ပါတယ်။
သည်စစ်ပွဲဟာ ရေရှည်စစ်ပွဲဖြစ်သလို မြင်နေရတဲ့ ရန်သူနဲ့ ရင်ဆိုင်တိုက်နေရတာမဟုတ်ပါဘူး။ လူအင်အား ဆိုတာကလည်း အစောကတည်းကိုက ခွင့်ပြုအင်အားရဲ့ ထက်ဝက် သော်မှမရှိတဲ့ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ အင်အားနဲ့ သည်လို ရုတ်ချည်း ပိလာတဲ့ဝန်ကို မနိုင်ပါဘူး။ မနိုင်နင်းတဲ့ ကျန်းမာရေး ဌာနတွေနဲ့ ဘတ်ဂျက်မရှိတဲ့ အစိုးရဘက်ကို အရပ်ဘက်က ကူနေတဲ့အတွက် တနင်္သာရီတိုင်း၊ အထူးသဖြင့် မြိတ်ဒေသမှာ သည်ကိုဗစ်နဲ့ပတ်သက်တဲ့ ပွတ်တိုက်မှုတွေ မရှိသလောက် ရှားပါတယ်။ လူနာအရေအတွက် နည်းသေးတာ လည်းပါပါတယ်။ သည့်အတွက် (Facility Quarantine)FQ Center တွေဘက်ကိုပါအတိုင်းအတာ တစ်ခုအထိ လုံလောက်စွာ ကူနိုင်ပါသေးတယ်။ အချို့မြို့တွေမှာ ကိုယ့်စရိတ် နဲ့ကိုယ် ကွာရန်တင်း ဝင်ကြရတဲ့ အနေအထားမှာ သည်ဘက်မှာတော့ အတိုင်းအတာတစ်ခုအထိ ထောက်ပံ့ကူညီမှု ပေးနေနိုင်ကြပါသေးတယ်။
တစ်ပြည်လုံးအတိုင်းအတာနဲ့ ကြည့်တဲ့အခါ မတော့ အတော်များများဟာ မောပန်းနွမ်းလျလို့ လက်ပန်းကျလုနီး ဖြစ်နေကြပါပြီ။ ကိုယ်ရောစိတ်ပါ ဖိစီးမှုတွေ ကျန်းမာရေးဘက်မှာရော လူနာတွေ ဘက်မှာသာမက အရပ်ဘက် စေတနာ့ဝန်ထမ်းတွေ ဘက်မှာပါ ရင်ဆိုင်နေကြရတဲ့အနေအထား တစ်ရပ်လည်း ဖြစ်လို့နေပါတယ်။
ပေါ်လစီ ချမှတ်နိုင်သူတွေအနေနဲ့လည်း နိုင်ငံ အနေအထားနဲ့ ဘတ်ဂျက်အင်အား၊ လူအင်အားအရ အဖြစ်နိုင်ဆုံးနဲ့ အကောင်းဆုံး၊ အထိအရှ အနည်းဆုံးဖြစ်မယ့် မူဝါဒတွေနဲ့လိုအပ်ချိန်မှာ ပညာရှင်တွေရဲ့ အကြံကိုရယူ၊ လိုအပ်သလို ပြောင်းလဲပြီး ကျန်းမာရေးရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးကြပါ။
ပြည်သူတွေဘက်ကလည်း မိမိတို့လိုက်နာကြရ မယ့် သတင်းစကားတွေနဲ့ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနဘက်က အခါအားလျော်စွာ ထုတ်ပြန်ချက် တွေကို သေချာလိုက်နာခြင်းဖြင့် မိမိနဲ့ ပတ်ဝန်းကျင် ကိုကာကွယ်ပါ။ ကျန်းမာရေးဌာနတွေကို ကူညီပါ။ လိုအပ်လို့ ကျန်းမာရေးဌာနဘက်က အကူအညီ တောင်းခံလာချိန်မှာ လိုလိုလားလား ပူးပေါင်းကူညီပေးကြပါ။
ကျန်းမာရေး ဝန်ထမ်းတွေဘက်ကလည်း စိတ်ပိုင်းရော၊ ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေနဲ့ လူနာတွေရဲ့ အခြေအနေနဲ့ စိတ်ခံစားမှုတွေကို နားလည်စာနာပြီး ကုသမှု၊ ကူညီဖေးမမှုတွေ ပေးကြပါလို့ တိုက်တွန်း လိုပါတယ်။
အချို့နိုင်ငံရေးသမားတွေက သည်အကျပ်အတည်းဟာ နှစ်ပတ်ပါပဲလို့ ဆိုကြပေမဲ့လို့ ပရိယာယ်များတဲ့၊ မမြင်ရတဲ့ ဗိုင်းရပ်စ်နဲ့ စစ်ပွဲမှာ အားလုံး လက်ပန်းကျမသွားကြဖို့ရာ အားလုံးက တတ်နိုင်တဲ့ဘက်က ဝိုင်းကြဝန်းကြကူညီကြဖို့ရာ မလွဲမသွေ လိုအပ်တယ်လို့ပဲ ဆိုပါရစေလား။
ကိုရိုးဆေး