BREAKING
September 16, 2024

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

August 24, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဩဂုတ်လ ၁၈ ရက်မှ ၂၄ ရက်အထိ

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကြောင့် လူ ၁၂၀၀ကျော်သေဆုံး

အာဏာသိမ်းပြီးနောက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကြောင့် လူ ၁၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ သုတေသန အဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေးအင်စတီကျုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သုံးနှစ်ကျော်အတွင်း လူ ၁၀ဦးနဲ့အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ ၅၇ ကြိမ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီထဲက ၂၀၂၃ ဧပြီလမှာ ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရမှုဟာ လူ ၁၇၀ ကျော် သေဆုံးခဲ့တဲ့အတွက် အစုလိုက်အပြုံလိုက် အများဆုံးသေဆုံးတဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။

အခု ၂၀၂၄ ခြောက်လတာအတွင်းမှာဆိုရင် ရခိုင်၊ မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေ ဖမ်းဆီးပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကြောင့် အရပ်သား ၃၆၀ နီးပါး သေဆုံးခဲ့ရတယ်လို့လည်း ဖော်ပြပါတယ်။

အခုသတ်ဖြတ်ခံရသူတွေ​ရဲ့ အများစုဟာ စစ်ကောင်စီက ရွာထဲဝင်ပြီး အရပ်သားတွေကို ဖမ်းဆီးစစ်ဆေး သတ်ဖြတ်တာ၊ လေကြောင်းဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

……………………………………..

မိုးမောက်မြို့ကို KIA သိမ်းယူ

ကချင်ပြည်နယ် မိုးမောက်မြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဩဂုတ်လ ၁၉ ရက်မှာ သိမ်းယူလိုက်ပါတယ်။

မိုးမောက်မြို့မှာ နောက်ဆုံးကျန်ရှိတဲ့ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၄၃၇ ကို KIA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေက ဇူလိုင်လ ၂၄ ရက်မှာ စတင်တိုက်ခဲ့ပြီး တစ်လနီးပါးအကြာမှာ သိမ်းယူပြီးတော့ မြို့ကိုထိန်းချုပ်နိုင်ခဲ့တာပါ။

ခမရ ၄၃၇ ဟာ မိုးမောက်နဲ့ ဗန်းမော်မြို့ကြားမှာတည်ရှိပြီး နှစ်မြို့စလုံးအတွက် စစ်ရေးအရေ အရေးပါတဲ့စခန်းဖြစ်ပါတယ်။ အဲဒီတပ်ရင်းမှာ တိုက်ခိုက်ရေးတပ်ရင်း ၁၀ခုအပါအဝင် တပ်ရင်း ၁၂က စစ်အင်အားဖြည့်ထားတာလို့ KIA ဘက်က ဆိုပါတယ်။

မိုးမောက်ကို သိမ်းယူရာမှာ စစ်ကောင်စီတပ်ရဲ့ တင့်ကားတစ်စီးအပါအဝင် စစ်လက်နက် အမြောက်အမြား သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရတယ်။ မိုးမောက်ကို သိမ်းယူလိုက်ပြီဖြစ်တာကြောင့် စစ်ရေးဟာ ဗန်းမော်မြို့ကို ဦးတည်နေတယ်လို့ လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။ ဩဂုတ်လ ၂၀ ရက်ကလည်း ဗန်းမော်နဲ့ ငါးမိုင်လောက်ပဲ ဝေးတဲ့ ကောင်ဂျာယန်ရွာက စစ်ကောင်စီတပ်စခန်းကို KIA က သိမ်းယူခဲ့ပါတယ်။

မိုးမောက်မတိုင်ခင် ကချင်မှာ မြို့ ခုနစ်မြို့ကို KIA က သိမ်းယူထားပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက အင်းတော်၊ ထီးချိုင့်၊ ပင်လည်ဘူးမြို့တွေမှာလည်း KIA၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွအကြား  တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

……………………………………..

ကိုးကန့်၊ ပလောင်နဲ့ ‘ဝ’ လူမျိုးတွေ ခရီးသွားခွင့်ကန့်သတ်ခံရ

ကိုးကန့်၊ ပလောင်နဲ့ ‘ဝ’ လူမျိုးတွေကို စစ်ကောင်စီက ခရီးသွားလာခွင့် ကန့်သတ်လာပြီး လမ်းခရီးတွေမှာ စစ်ဆေးဖမ်းဆီးတာတွေ လုပ်ဆောင်လာပါတယ်။

ရခိုင်ပြည်နယ်မှာ မြို့သိမ်းယူတာတွေ ဆက်တိုက်ဖြစ်လာချိန်မှာ ရခိုင်ပြည်နယ် မှတ်ပုံတင် ၁၁မျဉ်းစောင်း ကိုင်ဆောင် ထားသူတွေကို ခရီးသွားလာခွင့် ပိတ်ပင်ခဲ့ပါတယ်။ အခုလည်း ကိုးကန့်နဲ့ ပလောင်ဒေသတွေမှာ လာရှိုးအပါအဝင် မြို့သိမ်း တာတွေ ဆက်တိုက်ရှိလာချိန်မှာတော့ ရှမ်းပြည်နယ် မှတ်မပုံတင် ၁၃ မျဉ်းစောင်း ကိုင်ဆောင်ထားတဲ့ ကိုးကန့်၊ ပလောင်နဲ့ ‘ဝ’ လူမျိုးတွေကို ခရီးသွားလာခွင့် ကန့်သတ်လာတာပါ။

ကိုးကန့်၊ ပလောင်နဲ့ ‘ဝ’ လူမျိုးတွေကို ကားလက်မှတ် မရောင်းဖို့ အဝေးပြေးယာဉ်လိုင်းတွေကို စစ်ကောင်စီက စာထုတ် ကန့်သတ်တာမျိုးမဟုတ်ဘဲ လမ်းခရီးမှာ စစ်ကောင်စီဂိတ်တွေက စစ်ဆေးတင်းကျပ်ပြီး ဖမ်းဆီးတာ၊ နောက်တစ်ကြိမ် ကားပေါ်မှာ တင်ဆောင်မလာဖို့ သတိပေးတာတွေရှိနေတယ်လို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။

……………………………………..

ဒီပဲယင်းမြို့ကို သိမ်းယူပြီး ပြန်လက်လွှတ်ခဲ့ရ

အညာဒေသမှာ ပထမဆုံးမြို့အဖြစ် ဒီပဲယင်းမြို့ကို တော်လှန်ရေးအင်အားစုတွေ သိမ်းယူနိုင်ခဲ့ပေမယ့် အဲဒီနေ့မှာပဲ မြို့ကို ပြန်လက်လွှတ်လိုက်ရပါတယ်။

ဒီပဲယင်းမြို့က စစ်ကောင်စီတပ်တွေကို 96-Soldier PDF၊ အဖြူရောင် ဒီပဲယင်း PDF အပါအဝင် ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်တွေက ဩဂုတ်လ ၁၆ ရက်မှာ စတင်တိုက်ခိုက်ပြီး နှစ်ရက်အကြာ ဩဂုတ်လ ၁၈ရက် မနက်မှာ သိမ်းယူနိုင်ခဲ့တာပါ။ မြို့သိမ်းပြီးနောက်မှာတော့ နိုင်ငံရေးအကျဉ်းသား ၁၉ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မြို့သိမ်းယူခံရပြီးနောက်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ တောက်လျှောက်တိုက်ခိုက်တာ၊ လေကြောင်းနဲ့ စစ်ကူပို့တာတွေကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောပါတယ်။ ဒါကြောင့် ဩဂုတ်လ ၁၈ ရက် ညနေပိုင်းမှာပဲ စစ်ကောင်စီက မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

မြို့သိမ်းတိုက်ပွဲမှာ ဖမ်းမိခဲ့တဲ့ ပျူစောထီးတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ မိသားစုဝင် ၁၂၀ ကျော်ကို မြို့ထဲက ခေါ်ထုတ်နိုင်ခဲ့ပြီး ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ တိုက်ပွဲကြောင့် ဒီပဲယင်းဒေသခံ သောင်းနဲ့ချီ စစ်ဘေးရှောင်နေကြရပါတယ်။

……………………………………..

မြို့ ၇၇မြို့ကို သိမ်းယူပြီး တစ်ရာကျော်ကို ပိတ်ဆို့ထားတယ်လို့ NUG ပြော

တော်လှန်ရေးအင်အားစုတွေက မြို့ ၇၇မြို့ကို စိုးမိုးသိမ်းပိုက်ထိန်းချုပ်ထားပြီး ၁၀၅မြို့ကိုတော့ ဝိုင်းပတ်ပိတ်ဆို့ ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။ ဩဂုတ်လ ၂၁ရက်မှာ ကျင်းပတဲ့ နွေဦးတော်လှန်ရေးအောင်မြင်မှု ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာပါ။

စစ်ကောင်စီက သေသေချာချာ ထိန်းချုပ်ထားနိုင်တဲ့ မြို့နယ်ဟာ တစ်နိုင်ငံလုံးမှာ ၂၈ ရာခိုင်နှုန်းတောင် မရှိတော့ဘူးလို့ ဆိုပါတယ်။ စစ်တပ် မရှိတော့ရင် တိုင်းပြည်ဟာ အချင်းချင်းမညီမညွတ်နဲ့ တစစီပြိုကွဲမယ်ဆိုပြီး ပြောဆိုချက်တွေဟာ မဟုတ်မမှန်ဘူးလို့လည်း သူက ငြင်းဆိုပါတယ်။

ပြည်ထောင်စုအတွင်းမှာ နေထိုင်ကြတဲ့ စုံလင်ကွဲပြားတဲ့ လူမျိုးတွေရဲ့ သရုပ်လက္ခဏာတွေကို ကာကွယ်မြှင့်တင်ပေးတဲ့ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ပြည်နယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကို တော်လှန်ရေးအင်အားစု အများစုကြားမှာ သဘောတူထားပြီး ထပ်မံပါဝင်လာဖို့လည်း လုပ်ဆောင်သွားမယ်လို့ ပြောပါ တယ်။ နိုင်ငံတကာအနေနဲ့လည်း မြန်မာပြည်သူဘက်က ရပ်ပြီး စစ်အာဏာရှင်စနစ်ကိုအဆုံးသတ်ဖို့ ဝန်းကြီးချုပ်က တောင်းဆိုခဲ့ပါတယ်။

……………………………………..

သတင်းထောက်နှစ်ဦး သတ်ဖြတ်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာက နေအိမ်တစ်ဆောင်ကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပစ်ခတ်မှုမှာ အလွတ်တန်းသတင်းထောက်နှစ်ဦး သေဆုံးခဲ့ပါတယ်။

ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တပ်ဖွဲ့ဝင်တွေ အလွတ်တန်းသတင်းထောက် ကိုထက်မြတ်သူရဲ့ နေအိမ်ကို ရောက်ရှိနေတယ်ဆိုပြီး ဩဂုတ်လ ၂၁ရက်မှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တာပါ။

အဲဒီပစ်ခတ်မှုမှာ အလွတ်တန်းသတင်းထောက်တွေဖြစ်တဲ့ ကိုထက်မြတ်သူ၊ ကိုဝင်းထွဋ်ဦး (ခေါ်) ဖိုင်ဇယ်နဲ့ ကျိုက်ထို တော်လှန်ရေးအင်အားစုရဲ့ တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ပါတယ်။ ကိုဝင်းထွဋ်ဦးနဲ့ KRF တပ်ဖွဲ့ဝင် တစ်ဦးတို့ဟာ ပစ်ခတ်မှုမှာ သေဆုံးခဲ့တာဖြစ်ပြီး ကိုထက်မြတ်သူနဲ့ KRF တပ်ဖွဲ့ဝင်တစ်ဦးကတော့ ဖမ်းဆီးခံရပြီးမှ သတ်ဖြတ်ခံရတာလို့ ပြည်တွင်း သတင်းတချို့မှာ ဖော်ပြပါတယ်။

ရုပ်အလောင်းတွေကိုလည်း မိသားစုဆီ ပြန်မပေးဘဲ စစ်ကောင်စီတပ်က သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

……………………………………..

ဆေးကုခွင့်မရလို့ နိုင်ကျည်း တစ်ရာကျော်သေဆုံး

အာဏာသိမ်းကာလမှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရတာကြောင့် နိုင်ငံရေးအကျဉ်းသား တစ်ရာကျော် သေဆုံးခဲ့ရတယ်လို့ နိုင်ကျဉ်းတွေကို ကူညီပေးနေတဲ့အဖွဲ့တွေက ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင်ရေးအသင်း AAPP၊ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM အပါအဝင် နိုင်ကျဉ်းတွေကို ကူညီပေးနေတဲ့အဖွဲ့ခြောက်ဖွဲ့ပူးပေါင်းပြီး ဩဂုတ်လ ၂၃ ရက်မှာ ထုတ်ပြန်တာပါ။

မှတ်တမ်းရုပ်ရှင်ဖန်တီးသူ ကိုဖေမောင်စိမ်းဟာ လုံလောက်တဲ့ ဆေးကုသခွင့်မရတာကြောင့် ဩဂုတ်လ ၁၉ရက်မှာ ကွယ်လွန် ခဲ့ပါတယ်။ စစ်ကြောရေးမှာ ရရှိခဲ့တဲ့ နံရိုးကျိုးဒဏ်ရာ၊ အရိုးတီဘီရောဂါတွေကို လုံလောက်တဲ့ ဆေးကုသခွင့် မရခဲ့တဲ့အတွက် ထောင်က လွှတ်ပေးပြီး သုံးရက်အကြာမှာ ကွယ်လွန်တာလို့ ဆိုပါတယ်။

ဒိုက်ဦးအကျဉ်းထောင်မှာလည်း နိုင်ငံရေးအကျဉ်းသူတွေကို ထောင်အာဏာပိုင်းမှားက လေးခွဖြင့် ပစ်ခတ်တာ၊ သေနတ်၊ ရော်ဘာတုတ်၊ ကျဉ်စက် လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်တာ၊ အကြမ်းဖက်တာတွေကြောင့် နိုင်ငံရေးအကျဉ်းသူတွေရဲ့ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့လည်း ဖော်ပြပါတယ်။

……………………………………..