BREAKING
January 15, 2025

သဘော့ဆိပ်ရွာသား ၇ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးထား

August 24, 2024

လောင်းလုံးမြို့နယ် မောင်းမကန်ကမ်းခြေတွင် ဩဂုတ်လ ၂၂ ရက်နေ့ နေလယ်ပိုင်းက သဘော့ဆိပ်ရွာသား ၇ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများကပြောသည်။

ဖမ်းဆီးခံရသူများမှာ ကိုအေးလွင်နှင့်ဇနီး၊ ကိုရုတ်ကမ်း၊ ကိုဖစု၊ ကိုနေထက်လင်း၊ ကိုညီညီဇော်နှင့် နောက်ထပ်အမျိုးသားတစ်ဦး ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“လင်မယားတွဲတစ်တွဲပါတယ်၊ ကားကတစ်စီးပါတယ်” ဟု ဒေသခံကပြောသည်။

စစ်ကောင်စီတပ်သည် ၎င်းတို့ ၇ ဦးကို မောင်းမကန်ကမ်းခြေတွင် စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

ဩဂုတ်လ ၁၈ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က သဘော့ဆိပ်ရွာနှင့် ပြင်ကြီးရွာအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့သလို ရွာသားများမှာလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။

“ခုဖမ်းခံထားရသူတွေလည်း လက်နက်ကြီးပစ်လို့ နီးစပ်ရာပြောင်းနေတဲ့သူတွေပဲ” ဟု သဘော့ဆိပ်ဒေသခံကပြောသည်။

ဖမ်းဆီးခံရသည့်အကြောင်းအရင်းကိုမူအသေးစိတ်မသိရသေးပေ။

ဖမ်းဆီးခံရသည့် သဘော့ဆိပ်ဒေသခံ ၇ ဦးလုံးမှာ ယနေ့ ဩဂုတ်လ ၂၄ ရက်နေအထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံများကပြောသည်။

ဩဂုတ်လ ၁၇ ရက်နေ့ က မောင်းမကန်ရဲစခန်း တိုက်ခိုက်ခံရပြီးသည့်နောက် စစ်ကောင်စီတပ်သည် မောင်းမကန် ရဲစခန်းနှင့် ဘုန်းကြီးကျောင်းများတွင် အင်အားတိုးချကာ တပ်စွဲထားသည်။

ယင်းအပြင် စစ်ကောင်စီတပ်သည် ယခုလ ၂၀ ရက်နေ့မှစကာ မောင်းမကန်ရွာတွင်း ရောက်လာပြီး ခရီးသွားများကို စစ်ဆေးခြင်းများ နေ့စဉ်လုပ်ဆောင်နေကြောင်းလည်း ဒေသခံများကပြောသည်။