ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ဩဂုတ်လ ၁၄ ရက်နေ့က ကြေညာထားသည့် မျောက်ကျောက်ရောဂါမှာ အန္တရာယ်ရှိသည့် ကူးစက်ရောဂါဖြစ်သည်။
မြန်မာနိုင်ငံနှင့်ထိစပ်နေသည့် ထိုင်းနိုင်ငံတွင်လည်း မျောက်ကျောက်ရောဂါ မျိုးစိတ်သစ် ကူးစက်ခံထားရကြောင်း သံသယရှိသူတစ်ဦးကို ပထမဆုံးတွေ့ရှိဟု ထိုင်းကျန်းမာရေးဌာနက ဩဂုတ်လ ၂၁ ရက်နေ့က ထုတ်ပြန်ထားသည်။
အာဖရိကနိုင်ငံတစ်ခုမှ ထိုင်းနိုင်ငံသို့ ပြန်လာသူတစ်ဦးထံတွင် ကူးစက်မြန်သည့် မျောက်ကျောက် ရောဂါ မျိုးစိတ်သစ် Clade 1b ကူးစက်ခံထားရဖွယ်ရှိသည်ဟု ကြေညာလိုက်ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံနှင့် ထိစပ်မှုများလည်း တနင်္သာရီတိုင်းတွင်လည်း မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုရှိနိုင်သည်ဆိုသော သံသယများလည်း ရှိနေသည်။
မျောက်ကျောက်ရောဂါမှာ လူသေဆုံးနိုင်သည့် ရောဂါတစ်ခုဖြစ်သဖြင့် ရောဂါမကူးစက်စေရန် ဆောင်ရန် ရှောင်ရန်အချက်များကို သိရှိနားလည်ထားရန် လိုအပ်သည်။
မျောက်ကျောက်ရောဂါမှာ မြန်မာနိုင်ငံတွင်ဖြစ်ပွားလေ့ရှိသည့် ရေကျောက်ရောဂါနဲ့ လက္ခဏာဆင်တူသယောင်ရှိ သော်လည်း ကွဲပြားသည့်အချက်များလည်းရှိသည်ဟု ကျွမ်းကျင်ဆရာဝန်များက ဆိုသည်။
ထိုကြောင့် မျောက်ကျောက်ရောဂါ၏ ရာဇဝင်၊ ရောဂါလက္ခဏာ၊ ကူးစက်မှုပုံစံများနှင့် ကာကွယ်နိုင်မည့် နည်းလမ်းများကို ကျွမ်းကျင်ဆရာဝန်တစ်ဦးအား မေးမြန်း၍ ကောက်နုတ်တင်ဆက်လိုက်သည်။
DW ။ WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့)ကနေ နိုင်ငံတကာ အရေးပေါ်ကျန်းမာရေး အခြေအနေအဖြစ် ကြေညာထားတဲ့ မျောက်ကျောက်ရောဂါက ဘယ်ကနေ စဖြစ်လာတယ်ဆိုတာ အကျဉ်းချုပ်ရှင်းပြပေးပါလားခင်ဗျား။
ဖြေ ။ ၁၉၈၀ ခုနှစ်(မတိုင်ခင်) လောက်မှာ အာဖရိကမှာရှိတဲ့ ကွန်ဂိုနိုင်ငံမှာစဖြစ်တာ။ သူက မျောက်မှာရှိတဲ့ကျောက်ရောဂါ။ အဲဒါကို အဲဒီအချိန်တုန်းက မျောက်တွေကို လူတွေကဖမ်းတယ်။သတ်တယ်။ပြီးရင် ကျက်အောင်မချက်ဘူးပေါ့ခင်ဗျား။ စားတယ်ပေါ့နော်။ အဲဒီကတစ်ဆင့် စကူးတယ်လို့ ကောက်ချက်ချတယ်ပေါ့လေ။
ဒါပေမဲ့နောက်ပိုင်းတွေမှာ နို့တိုက်သတ္တဝါတွေမှာ အများစုမှာပေါ့ ဒီလိုမျိုးကျောက်ရောဂါတွေကရှိတယ်ပေ့ါ။ ဥပမာ မျောက်ကျောက်လည်းရှိတယ်။နွားကျောက်လည်း ရှိတယ်။ ကျောက်ရောဂါမှာအမျိုးမျိုး တွေ ရှိကြတာပေါ့နော်။ ကျောက်ရောဂါလို့ပြောလိုက်လို့ရှိရင် ပထမဆုံးက ဘာကိုပြေးမြင်ကြလဲဆိုရင် ငယ်ငယ်ကလေ။ ကျောက်ရောဂါကြောင့် သေမှာစိုးလို့ ကျောက်ဆေးထိုးကြတယ်လေ။လက်မောင်းတွေမှာဆိုရင် အမာရွတ်တွေရှိတယ်လေ။ ကျောက်ဆေးထိုးလို့အောင်ရင်လေ။အဲဒီကျောက်ရောဂါနဲ့ မိခင်အုပ်စုက တူတယ်။
DW ။ ဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်လေ့ရှိတဲ့ ရေကျောက်နဲ့ မျောက်ကျောက်က အုပ်စုတူလားခင်ဗျား။
ဖြေ ။ မျောက်ကျောက်ရယ်၊ ကျောက်ကြီးရယ်၊ နွားကျောက်ရယ်က တစ်အုပ်စု။ ရေကျောက်ကကျတော့ ရေယုန်နဲ့တူတဲ့အုပ်စု။ ဗိုင်းရပ်စ်အုပ်စုကြီးထဲမှာပဲ ဒါပေမဲ့ အမျိုးတော်တော်ကွာသွားတယ်။ရေကျောက်ကကျတော့ ရေယုန်ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကနေဖြစ်တာ။ဒီဖက်က ကျောက်အုပ်စုကကျတော့ မျောက်ကျောက်တို့ နွားကျောက်တို့ ကျောက်ကြီးတို့က တစ်ခြမ်း။
ရေယုန်က လူလူချင်းကူးတာ။ မျောက်ကျောက်က အကောင်စုံကူးတယ်။ ပြီးရင် ရေကျောက်မှာက ဘာဖြစ်တုန်းဆိုတော့ အရည်ကြည်က လက်ဖဝါး ခြေဖဝါးတွေမှာ မဖြစ်ဘူး။ပြီးရင်သူက စပြီးတော့ရောဂါလက္ခဏာပြတယ်ပေါ့နော်။ ဥပမာ ညောင်းတယ် ကိုက်တယ် ဖြစ်လာတဲ့အချိန်မှာ အရည်ကြည်အိတ်တန်းမထွက်ဘူး။ နှစ်ရက် သုံးရက်နောက်ကျတယ်။ လူက နေမကောင်းဖြစ်ပြီးတော့ နှစ်ရက် သုံးရက်နေမှ အရည်ကြည်အိတ်တွေက ထွက်တယ်။ ထွက်ရင် ကိုယ်ခန္ဓာမှာ ထွက်ချင်တဲ့နေရာတွေမှာ ထွက်တယ်။ တစ်ပြိုင်တည်းမထွက်ဘူး။
မျောက်ကျောက်ကကျတော့ တစ်ကိုယ်လုံးတစ်ပြိုင်တည်းထွက်တယ်။ နေမကောင်းဖြစ်တာနဲ့ တစ်ပြိုင်နက်မှာ ပေါ်တယ်။ရောဂါလက္ခဏာက နေမကောင်းဖြစ်တာနဲ့ ကျောက်ဖြစ်တာနဲ့က မျောက်ကျောက်မှာ တစ်တွဲတည်း။ မျောက်ကျောက်မှာ ပြန်ရည်အကြိတ်တွေ ယောင်တယ်ခင်ဗျား။ ပေါင်ကြားချိုင်းကြား လည်ပင်းဘေးက အကြိတ်တွေ ခင်ဗျ။
ရေကျောက်မှာကကျတော့ နေမကောင်းချင်သလိုဖြစ်မယ် နှစ်ရက်သုံးရက်။ ပြီးတော့မှ အရည်ကြည်အိတ်တွေ ပေါ်မယ်။မျောက်ကျောက်မှာကျတော့ နေမကောင်းသလိုဖြစ်တာနဲ့ တန်းပြီးတော့ ကျောက်တွေပေါ်မယ်။ပြီးတော့ ပြည်စုတွေပါတယ် အရည်ကြည်မဟုတ်ဘူး။နောက်ပြီးတော့ ခြေဖဝါးလက်ဖဝါးတွေမှာဖြစ်တယ်။ ပြီးရင် နှစ်ခုစလုံးက အရည်ကြည်တွေက ကူးတာ။ နှာခေါင်းအသက်ရှူတာက ကိုဗစ်လိုမျိုးကူးဖို့ရာခိုင်နှုန်း တော်တော်နည်းတယ်။ ဗိုင်းရပ်စ်ချင်းတူပေမယ့် နှာရည်တို့ အဲလိုအရည်တွေထက်စာရင်ပေါ့နော် လိင်ဆက်ဆံလို့ထွက်တဲ့အရည်တွေ ကိုယ်အင်္ဂါကအရည်တွေကနေ ပိုကူးတယ်။
ရေကျောက်ကာကွယ်ဆေးက မျောက်ကျောက်ကိုမကာကွယ်နိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာထိုးထားတဲ့ ကျောက်ကြီးပေါ့။ ကျောက်ကြီးရောဂါကာကွယ်ဆေးက ၈၀ ရာခိုင်နှုန်း မျောက်ကျောက်ကို ကာကွယ်နိုင်တယ်။ ပြီးရင် မျောက်ကျောက်ကာကွယ်ဆေးလည်းရှိတယ်။ရှိပေမယ့် သေနှုန်းမမြင့်ဘူး ကူးစက်နှုန်းမမြင့်တာဖြစ်တယ်။ ပြီးရင် ရောဂါကို ပေါ်ပေါ်တင်တင်တွေ့နိုင်တယ်ပေါ့နော်။ အဲလိုဟာမျိုးတွေကြောင့်မလို့ ရောဂါနဲ့ထိတွေ့ဆက်ဆံတဲ့ လူတွေကိုပဲ ကာကွယ်ဆေးထိုးပေးတယ်။
ကိုဗစ်ကာကွယ်ဆေးလို တစ်ကမ္ဘာလုံးထိုးမယ်ဆိုတဲ့အစီအစဉ် စီမံချက်မရှိဘူးတဲ့။ ဒါပေမဲ့ ကိုဗစ်လိုပဲ သူကဗိုင်းရပ်စ်။ ကူးမှာ။ ကိုဗစ်ကူးတဲ့နည်းတွေအပြင်ကို လိင်ဆက်ဆံတာကနေတစ်ဆင့်တောင် ကူးနိုင်တယ်။ ကိုဗစ်က လိင်ဆက်ဆံလို့ရှိရင် မကူးဘူး။ နှာခေါင်းပိတ်(Mark) တွေ သေချာလုံအောင်တပ်ထားရင် မကူးဘူး။ လိင်အင်္ဂါအရည်တွေကနေ မကူးဘူး။ ဒါပေမဲ့ မျောက်ကျောက်က ကူးတယ်။
ဒါပေမဲ့ ပြဿနာက ဘာတုန်းဆိုရင် ကိုဗစ်က ရောဂါလက္ခဏာမပြဘဲနဲ့ ကူးတာမြန်တယ်။သေတယ်။ မျောက်ကျောက်က ရောဂါလက္ခဏာပြတယ်။ထင်ထင်ရှားရှားရှိတယ်။ နောက်ပြီးတော့ အရှေ့(အရင်)က ၈၀ ရာခိုင်နှုန်းကာကွယ်ထားနိုင်တဲ့ ကျောက်ရောဂါကာကွယ်ဆေး ထိုးထားပြီးသားဖြစ်တဲ့အတွက် အရေးပေါ်တော့ အရေးပေါ်ပဲ။ ကြောက်စရာမလိုဘူး။
အခုလောလောဆယ် ဘာနဲ့မှားနေတုန်းဆိုရင် ရေကျောက်ကလည်း ဒီအချိန်ဆို ပေါက်တော့မှာ။ လူတွေက ရေကျောက်နဲ့ မျောက်ကျောက်ကို ရောပြီးကြောက်ကြမယ်။ ဒါပေမဲ့ ကုသပုံကတော့ သိပ်မကွာဘူး။ဖျားရင် အဖျားပျောက်ဆေးသောက်။ အနာတွေ ပိုးမဝင်အောင် ပိုးသတ်ဆေးသောက်။ ပိုးသတ်ဆေးဆိုတာက ဘက်တီးရီးယားသတ်တဲ့ ပိုးသတ်ဆေးပေါ့နော်။ ပြည်တည်နာတွေဖြစ်မှာကိုး။ အရမ်းဆိုးလာရင် အဆုတ်တွေ ကိုယ်ခန္ဓာခုခံအားတွေကို ထိလာတယ်ဆိုရင် ဗိုင်းရပ်စ်သတ်ဆေးသောက်။ သူက အဆင့်လိုက်သွားရမှာ။
DW ။ နောက်တစ်ခုကလေ ဆရာရှင်းပြတဲ့အထဲမှာ အသက် ၄၀ ကျော်တွေက ကျောက်ရောဂါကာကွယ်ဆေး တွေ ထိုးထားကြတယ်ပေါ့လေခင်ဗျား။ အခုနောက်ပိုင်းကလေးတွေမှာ ကျောက်ရောဂါကာကွယ်ဆေး ထိုးထားသူတွေလည်း ရှိတာပေါ့လေ။ ဆိုတော့ အဲဒီကာကွယ်ဆေးက မျောက်ကျောက်ရောဂါကို ၈၀ ရာခိုင်နှုန်းကာကွယ်နိုင်တဲ့အထဲမှာ ပါလားခင်ဗျား။
ဖြေ ။ ကျောက်ရောဂါကင်းစင်ပြီလို့ အစိုးရက တရားဝင်ကြေညာထားတာရှိတယ်။ အဲဒီနောက်ပိုင်းမှာ ကျောက်ရောဂါ ကာကွယ်ဆေးမထိုးတော့ဘူး။ ဒါပေမဲ့ ပုဂ္ဂလိကဆေးရုံတွေမှာထိုးတာတွေတော့ ရှိတယ်ပေါ့နော်။ (အစိုးရက)တရားဝင်တော့ မထိုးဘူးခင်ဗျား။အဲဒါက ၈၀ ရာခိုင်နှုန်းလောက် ကာကွယ်နိုင်တယ်။
DW ။ ဆိုရင် ခုနက ဆရာရှင်းပြတဲ့အထဲမှာလည်းပါတယ်ပေ့ါနော်။ မျောက်ကျောက်ရဲ့ လက္ခဏာတွေက သာမန်လူတစ်ယောက်အနေနဲ့ကြည့်တဲ့အချိန်ဆို ဘယ်လိုမျိုးလက္ခဏာတွေ တွေ့ရလဲခင်ဗျား။
ဖြေ ။ မြန်မာနိုင်ငံက (ကျန်းမာရေးဌာန) ကြေညာတဲ့လက္ခဏာတွေ အကုန်တွေ့မယ်ခင်ဗျား။ နုံးမယ် ချိမယ် အရေပြားတွေ ယားယံမယ် အဖုတွေပေါက်မယ် အရေပြားမှာအနီကွက်တွေပေါ်မယ်။အရည်ကြည်အိတ်တွေ ပေါ်မယ်။ ပြီးရင် အဲဒီမှာပြည်တည်မယ်။ ပြီးရင် ဖျားမယ်။ ကြွက်သားတွေနာမယ်။ လည်ချောင်းတွေနာမယ်။ နှာရည်တွေကျမယ်။ ပိုဆိုးလာရင် နှာစေးချောင်းဆိုးတွေ ဖြစ်လာမယ်ပေါ့နော်။ ပြီးရင် အသက်ရှုကျပ်လာမယ်။ ဒီလိုအဆင့် အဆင့်တွေပေါ့။
ခန္ဓာပြင်ပမှာဆိုရင် ညောင်းမယ် ကိုက်မယ်။ တုပ်ကွေးရဲ့ရောဂါလက္ခဏာတွေ ပေါ်မှာပေါ့နော်။ ဗိုင်းရပ်စ်ကိုး။ ပြီးရင် အစားအသောက်ပျက်မယ်။ အချို့တွေဆိုလည်း ဝမ်းလျှောမယ်။ အချို့ဆိုလည်း ရေဓာတ်ခမ်းခြောက်မယ်ပေါ့။ ပြီးရင် ကျောက်ရောဂါဖြစ်တဲ့အတွက် အဖုအပိမ့်တွေထွက်လာမယ်။ အရေပြားတွေ နီမယ် ယောင်မယ်။ အဲဒီအရည်ကြည်ဖုတွေမှာ ပြည်တွေလိုက်လာမယ်ပေါ့နော်။
DW ။ ဆိုတော့လေ ကူးစက်နိုင်တဲ့ အပြုအမူတွေက ခုနက ဆရာပြောတဲ့အထဲမှာ အနည်းအကျဉ်းတော့ ပါတယ်ပေါ့ လေ။ အဓိကအားဖြင့်ဆိုရင် ဘယ်လိုအချက်တွေကနေ ကူးစက်နိုင်လဲပေါ့ခင်ဗျား။
ဖြေ ။ အဓိကကတော့ ကိုယ်ခန္ဓာကထွက်တဲ့ အရည်ကြည်တွေအားလုံးက သူများကိုထိရင်ကူးမယ်။ ကိုယ်ခန္ဓာကထွက်တဲ့ အရည်ကြည်တွေထိထားတဲ့နေရာကို တခြားလူက မသိဘဲနဲ့ ဥပမာ နှာချေလိုက်တယ် ။စားပွဲပေါ်ကျထားတယ်။ နောက်တစ်ယောက်က မသိဘူး။စားပွဲပေါ်ကို ကိုင်တယ်။ ကိုင်ပြီးမျက်လုံးကို ကိုင်လိုက်တယ်။ နောက်ပြီးပါးစပ်ထဲ ထည့်ပြီး လက်စုပ်လိုက်တယ်။ အဲဒါဆိုရင် ကူးမှာပေါ့နော်။အဲဒီမှာထူးခြားတာက လိင်ဆက်ဆံတာပေါ့နော် အဲဒါကကူးတယ်။
ပြီးရင် ကိုယ်ခန္ဓာကအရည်တွေပေါ့။ ရေကြည်အိတ်က ပေါက်ပြီးအရည်ထွက်တယ်ပေါ့။ အဲဒီအရည်ကိုကိုင်တယ်။ သန့်ရှင်းရေးလုပ်တယ် ဒါမှမဟုတ်ရင်လည်း ဝမ်းပျက်ဝမ်းလျှောဖြစ်နေပြီပေါ့။ အဲဒီလူရဲ့ မစင်တွေကို ကိုင်တယ်။ စနစ်တကျမစွန့်ပစ်ဘူး။စနစ်တကျ သန့်ရှင်းရေးမလုပ်ဘူးပေါ့။ ဒီလိုဟာမျိုးတွေဆို ကူးမှာပေါ့နော်။ ပြီးရင် တံတွေးတွေ သလိပ်တွေ ဒါတွေကိုလည်း ကြုံတဲ့နေရာမှာ မထွေးရဘူး။နောက်တစ်ခုက တစ်ကိုယ်ရေ သန့်ရှင်းရေးလုပ်ရမယ်ပေါ့။ ပြီးရင် အစာမစားခင်၊မျက်လုံးတွေ မကိုင်ခင် နှာခေါင်းတွေ ပါးစပ်တွေမကိုင်ခင် လက်ကိုရေနဲ့ဆပ်ပြာနဲ့ စင်အောင် ဆေးပေါ့။ ဒါမှမဟုတ်ရင်လည်း လက်သန့်ဆေးရည်နဲ့ဆေးပေါ့။
သူကတစ်ခုရှိတာက တစ်နေရာရာမှာ (ရောဂါပိုးရှိတဲ့) အရည်တွေကျန်ခဲ့ရင် အချိန်အကြာကြီး မရှင်နိုင်ဘူး။ အဲလိုမျိုးတော့ရှိတယ်။ (အရည်အနည်းအများ၊ နေရောင်ခြည်ထိတွေ့မှုအပေါ်မူတည်ပြီး အချိန်ကွာခြားနိုင်)။
ကိုဗစ်တွေဆိုရင် တံခါးလက်ကိုင်မှာကျန်ခဲ့တယ်ဆိုရင် ကူးတယ်ဆိုပြီး ဖြစ်ကြတယ်။မျောက်ကျောက်က အဲလောက်တော့ ကူးနိုင်တဲ့စွမ်းအားမမြန်ဘူးပေါ့။ လေထဲမှာ ကိုဗစ်လိုမျိုး နှာချေထားလိုက်တယ်။ အဲယားကွန်း ခန်းထဲမှာ လည်နေတယ်။နောက်လူက အဲဒီအဲယားကွန်းခန်းထဲ ဝင်လာတယ် ရှူလိုက်တယ် ကူးသွားတယ်။အဲလောက်အထိ မျောက်ကျောက်က မဖြစ်ဘူး။
DW ။ မျောက်ကျောက်က ကူးစက်လာပြီဆိုရင်လည်း ကုသလို့ရတယ်ပေါ့လေ ဆရာခင်ဗျား။ သေဆုံးမှုနှုန်းကရော ဘယ်လိုရှိလဲ ရာခိုင်နှုန်းအားဖြင့်ဆိုရင်လေ ခင်ဗျား။
ဖြေ ။ မျောက်ကျောက်က သေဆုံးနှုန်း ၄ ရာခိုင်နှုန်းနဲ့အောက်။ ဒါပေမဲ့ ရောဂါအခံရှိတယ်။ ကိုယ်ဝန်ဆောင်တွေ၊ တီဘီ၊ HIV ဆီးချိုတို့ ရှိတယ်ဆိုရင် ၁၀ ရာခိုင်နှုန်းနဲ့အောက်ပါခင်ဗျား။ ရေကျောက်က မသေနိုင်ဘူးခင်ဗျား။ ခြောက်သောင်းမှာ တစ်ယောက်လောက်ပဲရှိတာခင်ဗျား။
DW ။ မျောက်ကျောက်ရောဂါနဲ့ပတ်သက်ပြီးတော့အခြားဖြည့်စွက်ပြောဖို့ရှိလား ဆရာခင်ဗျား။
ဖြေ ။ ကျွန်တော်တို့ဆီမှာကလေ မျောက်တွေရှိတယ်။ သားကောင်တွေရှိတယ်။ မွေးတဲ့လူရှိတယ် ပထမတစ်ချက်က။ ဒုတိယတစ်ချက်က စားတဲ့လူရှိတယ်။ အဓိကကတော့ မစားဖို့နဲ့မမွေးဖို့ပေါ့။ တောရိုင်းတိရစ္ဆာန်တွေကိုပေါ့လေ။ တောရိုင်းတိရစ္ဆာန်တွေမှာ သူတို့ဖာသာသူတို့ ခုခံအားနဲ့ သူတို့အချင်းချင်း ခံနိုင်တဲ့ ပိုးတွေက လူတွေကျ မခံနိုင်ဘူး ခင်ဗျား။အဲလိုမျိုးကူးလာတယ်ဆိုရင် မြန်မာနိုင်ငံမှာ စစ်ဖို့လည်းခက်တယ်။ ပြီးရင် အခြေအနေကလည်း မပေးတာဖြစ် တဲ့အတွက် တောကောင်တွေမွေးတာ တောကောင်သားတွေစားတာ မလုပ်ဖို့ပေါ့။