BREAKING
March 28, 2025

ဖူးခက်တွင် မြေပြိုမှု ထားဝယ်ဒေသခံ ၇ ဦးအထိသေဆုံး၊ ပျောက်ဆုံးသူများရှိနေ

August 24, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် ဩဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် မြေပြိုမှုတွင် သေဆုံးသူ ထားဝယ်ဒေသခံ ၇ ဦးအထိ ရှိလာပြီး မြေစာပုံအောက် ပျောက်ဆုံးသူများရှိနေဆဲဖြစ်ကြောင်း ဖူးခက်ရှိ ထားဝယ်ဒေသခံများနှင့် ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

ဖူခက်မြို့တွင် တစ်ညလုံး မိုးကြီးခဲ့ပြီးနောက် ဩဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ကတာရပ်ကွက်ရှိ တောင်ကုန်းပြိုမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မြေပြိုမှုကြောင့် သေဆုံးသူ မြန်မာနိုင်ငံသား အမျိုးသား ၃ ဦး၊ အမျိုးသမီး ၄ ဦးနှင့် ထိုင်းနိုင်ငံသား ၁ ဦး၊ ရုရှားနိုင်ငံသား ၂ ဦး၏ အလောင်းများကို တွေ့ရှိထားပြီးဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသော Andaman Friendship Association AFA အဖွဲ့ထံမှ သိရသည်။

“ကျွန်တော်တို့ မြန်မာတွေ အလောင်း ၇ လောင်းတွေ့ထားပြီးပြီ။ သေဆုံးစာရင်းကတော့ အခုထိမငြိမ်သေးဘူးပေါ့နော်။ အများစုကတော့ ထားဝယ်တွေပါ” ဟု Andaman Friendship Association AFA က တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Andaman Friendship Association AFA ၏ အချက်အလက်များအရ သေဆုံးသူ မြန်မာနိုင်ငံသားများမှာ မမျိုးမြတ်မြတ်အေး၊ မအိအိဖြိုးလှိုင်၊ ကိုရာဇာထက်၊ မအိအိစန်း၊ ကိုအောင်ပိုင်ဖြိုး၊ မလဲ့လဲ့စန်း၊ ကိုအောင်မျိုးခန့်တို့ဖြစ်ကြသည်။

နောက်ထပ်ပျောက်ဆုံးနေသူ နှစ်ဦးမှာ မချိုယဉ်သန်းနှင့် ကိုကျော်လွင်တို့ ဖြစ်သည်။

သေဆုံးသူများသည် ထားဝယ်ဒေသခံများဖြစ်ပြီး နောက်ထပ် ပျောက်ဆုံးနေသူများလည်း ရှိနေကြောင်း ဖူးခက်နေ ထားဝယ်ဒေသခံများထံမှ သိရသည်။

Dawei Watch ကရရှိထားသော အချက်အလက်များအရ မြေပြိုမှုကြောင့် မြေစာပုံထဲ ပါသွားသူများမှာ ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းဒေသခံများဖြစ်ကြပြီး မြေစာပုံအောက် ပျောက်ဆုံနေသူများလည်း ရှိနေဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် သေဆုံးသူများ၏ နစ်နာမှုနှင့် ပတ်သက်၍ မည်သို့ တာဝန်ယူပေးမည်ကို ဆွေးနွေးရန် ယနေ့ နေ့လယ်ပိုင်းတွင် သေဆုံးပျောက်ဆုံးသူများ၏ မိသားစုဝင်များအား ကလောရဲစခန်းသို့ လာရောက်အကြောင်းကြားရန် ညွှန်ကြားထားကြောင်း Andaman Friendship Association AFA အဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် မြေစာပုံအောက် ပျောက်ဆုံးသူများရှိနေဆဲဖြစ်ကြောင်း ပျောက်ဆုံးသူ၏ မိသားစုဝင် ထားဝယ်ဒေသခံတစ်ဦးက ပြောသည်။

“ရဲစခန်းသွားပြီး တိုင်ထားပြီးပြီ။ အခု ရှာဖွေနေတုန်းပဲခင်ဗျ။ အကိုရယ် အမရယ်ကို။ အခုမှ စတူးဖော်ရမှာ” ဟု ၎င်းကဆိုသည်။

ဖူးခက်မြို့တွင် ဩဂုတ်လ ၂၂ ရက်နေ့ ညဘက်မှ မနက်ပိုင်းအထိ မိုးကြီးခဲ့ပြီး မိုးရေချိန် ၂၀၀ မီလီမီတာအထိရှိခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်ထားသည်။

မိုးများ၍မြေပြိုမှုကြောင့် လူသေဆုံးမှုများရှိနေပြီး နေအိမ် ၂၅၀ ခန့်အထိ ပျက်စီးခဲ့ကြောင်း ဖူးခက်ခရိုင်က ထုတ်ပြန်ထားသည်။