နားလည်ရန်ခက်နေဆဲဖြစ်၍ ခရမ်းချဉ်တုပ်ကွေးဟု အမည်ပေးထားသည့် ရောဂါတစ်မျိုး အိန္ဒိယတွင် တွေ့ရှိပြီးနောက် ယင်းရောဂါပို၍ ပျံ့နှံ့လာမည်ကို စိုးရိမ်ကြောက်ရွံ့လျက်ရှိသည်။
ထိုရှားပါးဗိုင်းရပ်စ်ကူးစက်မှုကို အိန္ဒိယနိုင်ငံ ခဲရလာဒေသတွင် မေလ ၆ ရက်ကပထမဆုံး တွေ့ရှိခဲ့ပြီးနောက် ယခုအခါ ငါးနှစ်အောက် ကလေးပေါင်း ၈၀ ကျော် ကူးစက်ခံရပြီးဖြစ်သည်။
ဩစတေးလျနိုင်ငံတွင် ကူးစက်ကပ်ရောဂါများကို ဉာဏ်ရည်တုနည်းပညာဖြင့် စောင့်ကြည့်လေ့လာသော အဖွဲ့ဦးဆောင်သူ အက်ရှလေကမူ ခရမ်းချဉ်တုပ်ကွေးသည် ဩစတေးလျသို့လည်း ရောက်လာနိုင်သည်ဟု လက်တွေ့ကျကျ ယူဆထားဖို့လိုကြောင်း သတင်းဌာနတစ်ခုကို ဖြေဆိုထားသည်။
“တကယ်လို့ ဒီကူးစက်မှုကို ကျွန်မတို့ အနီးအနားက နိုင်ငံတွေမှာတွေ့တယ်လို့ သတင်းတွေတွေ့ရပြီ ဆိုရင် ကျွန်မတို့ ဒါကို ပြန်ခြေရာခံလို့ရပါတယ်။ ပြောရရင် နှစ်လလောက်ထဲမှာ သုံးနိုင်ငံကနေ ငါးနိုင်ငံလောက်မှာ အဲဒီကူးစက်မှုမျိုးတွေ့ရရင် ဒီကူးစက်မှုဟာ ဩစတေးလျကို ရောက်လာဖို့ ဖြစ်နိုင်ချေတော်တော် မြင့်ပါတယ်။ ဒါပေသိ ပြီးခဲ့တဲ့ နှစ်လ၊ သုံးလမှာ အဲဒါက အိန္ဒိယမှာပဲ ရှိနေသေးတယ်” ဟု သူမက ဆိုသည်။
ကူးစက်မှုနှင့်ပတ်သက်၍ များစွာ မသိရသေးသော်လည်း ယင်းဗိုင်းရပ်စ်မှာ ကလေးများ၏ လက်၊ ခြေ၊ ပါးစပ်များမှတစ်ဆင့် လျှင်မြန်စွာကူးစက်နိုင်ခဲ့လျှင် ထိုရောဂါပျံ့နှံ့မှုမှာ မြင့်မားမြန်ဆန်မည်ဖြစ်ပြီး ဩစတေးလျသို့ပင် ရောက်လာနိုင်ချေရှိသည်ဟု သူမက ခန့်မှန်းထားသည်။
ကူးစက်ရောဂါများဆိုင်ရာ ကျွမ်းကျင်သူ ဩစတေးလျ အမျိုးသား တက္ကသိုလ်မှ ဆန်ဂျရာ့ ကလည်း သုတေသီများအနေဖြင့် ထိုဗိုင်းရပ်စ်ကို အမျိုးအမည်ခွဲခြားသတ်မှတ်မှု မလုပ်နိုင်သေးကြောင်း မှတ်ချက်ပြုထားသည်။
သုတေသီများသည် တွေ့ရများသော ဗိုင်းရပ်စ်များကို စစ်ဆေးခဲ့သော်လည်း ယခု ကူးစက်မှုကို ဖြစ်စေသည့် ဗိုင်းရပ်စ်မျိုးမတွေ့သေးကြောင်း သို့သော်လည်း သုတေသီများက ထိုဗိုင်းရပ်စ်ကြောင့်ဖြစ်သော ရောဂါကို ခရမ်းချဉ် တုပ်ကွေးဟု ခေါ်ကြောင်း သူ က သတင်းဌာန တစ်ခုကို ဖြေဆိုထားသည်။
“ပြီးခဲ့တဲ့လအချို့က အိန္ဒိယမှာတောင် အဲဒါက သိပ်တော့ မပျံ့သေးဘူး။ အဲဒါက တောင်ပိုင်းက ပြည်နယ်တွေမှာပဲ ဖြစ်နေတာမျိုး” ဟုလည်း သူကဆိုသည်။
ခရမ်းချဉ် တုပ်ကွေးဆိုသည်မှာ
ခရမ်းချဉ် တုပ်ကွေးမှာ ကလေးများတွင် ဆင်တုပ်ကွေး နှင့် သွေးလွန်တုပ်ကွေးတို့ ကူးစက်ခံရပြီးနောက် နောက်ဆက်တွဲ ဖြစ်သည့် ရောဂါ ဖြစ်နိုင်ပါသည်။
ယင်းဗိုင်းရပ်စ်သည် အထူးသဖြင့် အသက် တစ်နှစ်မှ ၅နှစ် အရွယ် ကလေးများနှင့် ကိုယ်ခံအားမကောင်းလှသည့် အရွယ်ရောက်ပြီး သူများကို ကူးစက်လေ့ရှိသည်။
ရောဂါလက္ခဏာများတွင် အရေပြား ယားယံ၍ အနီကွက်ထွက်ခြင်း၊ ဖျားခြင်း၊ ဆစ်အမြစ် ကိုက်ခဲ နာကျင်ခြင်းများ ပါဝင်သည်။
ကူးစက်ရောဂါစောင့်ကြည့်လေ့လာသူ အက်ရှလေကလည်း “လတ်တလောတော့ ဘယ်ကစဖြစ်သလဲဆိုတဲ့ ဒီဗိုင်းရပ်စ်ရဲ့ ဇာစ်မြစ်ကို မသိရသေးဘူး၊ ဆင်တုပ်ကွေး မဟုတ်ရင် သွေးလွန်တုပ်ကွေးရဲ့ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်နိုင်တယ်” ဟုမှတ်ချက်ပြုသည်။
ယင်းဗိုင်းရပ်စ်မှာ ထိတွေ့မှုများကတစ်ဆင့် ပျံ့နှံ့နိုင်ပြီး ကူးစက်ခံရသူများ၏ အရေပြားတွင် နာကျင်ခံခက်သော အရည်ကြည်အဖုများ ထွက်လာတတ်သည့်အတွက် လွယ်လွယ်ပင် ဗိုင်းရပ်စ် ကူးခံရပြီကို သိနိုင်ကြောင်း သူမက ဆိုသည်။
ဘယ်လိုကုမလဲ
ခရမ်းချဉ် တုပ်ကွေးကူးစက်နေသူကို အဓိကအားဖြင့် သီးခြားခွဲထား၍ ကုသရမည်ဖြစ်သည်။
“ဘယ်လိုကုရမလဲဆိုတာမျိုး လောလောဆယ်မသိသေးဘူး၊ ဆိုတော့ ခန္ဓာကိုယ်မှာ ရေဓာတ်ဖြည့်ထားတာ၊ ကောင်းကောင်းအနားယူတာမျိုးပဲ အခုချိန်တော့ ဖြစ်နိုင်ဦးမယ်”ဟု အက်ရှလေက ဆိုသည်။
ကူးစက်မခံရအောင် ဘယ်လိုနေမှာလဲ
ယင်းဗိုင်းရပ်စ် ကူးစက်မခံရစေရေးမှာ တစ်ကိုယ်ရေ သန့်ရှင်းရေး အမူအကျင့်ကောင်းများ လုပ်ဆောင်ရန် လိုအပ်သည်။
အထူးသဖြင့်အလေးများအတွက် တစ်ကိုယ်ရေ သန့်ရှင်းရေးမှာ သော့ချက်ဖြစ်ကြောင်း ခရမ်းချဉ်တုပ်ကွေးကို ပို၍လေ့လာမှုများလုပ်နေသည့် ကျွမ်းကျင်သူများက အကြံပြုထားသည်။
ကိုယ်ခံအား သိပ်မကောင်းပါက ယခုကဲ့သို့သော ကိုဗစ်ကာလတွင် တစ်ကိုယ် တစ်ကိုယ်ရေသန့်ရှင်းရေး ကောင်းကောင်း ကြပ်ကြပ်မတ်မတ် လုပ်သင့်ကြောင်း အက်ရှလေက မှတ်ချက်ပြုသည်။
“နေ့ကလေးထိန်းကျောင်းတွေမှာ ဒီလိုကူးစက်မှုပေါ်လာရင် ဒါက အဓိကအားဖြင့်တော့ တစ်ကိုယ်ရေ သန့်ရှင်းရေးကိုပဲပြောရမယ်။ ကလေးတွေ ကစားတဲ့ ကစားစရာတွေ သူတို့ သုံးတဲ့ ထိတွေ့တဲ့ ပစ္စည်းတွေ သေချာပိုးသတ်သန့်စင်ရမှာ ဖြစ်ပါတယ်။ ကလေးတွေကျတော့ တစ်ယောက်နဲ့ တစ်ယောက် မထိမကိုင်ဖို့၊ ကစားစရာတွေ ကို အများနဲ့မကစားဖို့၊ ကစားစရာတွေ နဲ့တခြားဟာတွေ ပါးစပ်ထဲမထည့်ဖို့ ဆိုတာမျိုး တားဖို့က ခက်ပါတယ်။ ဒါက သူတို့ သဘာဝကိုး၊ ဒီတော့ အခုလို ဗိုင်းရပ်စ်မျိုး ရောက်လာရင် ကျောင်းတွေ၊ နေ့ကလေးထိန်းကျောင်းတွေမှာဆို ခဏချင်း ပျံ့သွားပါလိမ့်မယ်”ဟုလည်း သူမက ထပ်လောင်း သတိပေးထားသည်။
Ref:- Concerns raised over lack of information on ‘tomato flu’ – NZ Herald